မြန်မာပြည်ကဆရာဝန်တွေ
ပညာမညံ့ပါဘူး
ညံ့နေတာက ?????
Credit to all
ဒီတစ်ခေါက် ဘန်ကောက်ရောက်တော့...
မိုးလင်းတာနဲ့ လင်မယားနှစ်ယောက်
ဟိုတယ်က ထွက်လာ.Taxi တားပြီး...
Bumrungrad Hospital..
နောက်တစ်နေ့လည်း..ဘန်ရွမ်ဂလပ် ..
နောက်တစ်နေ့လည်း..ဘန်ရွမ်ဂလပ်..
နေ့တိုင်း ဘန်ရွမ်ဂလပ်ကို သွားခဲ့ရပြီး
မိုးချုပ်မှ ဟိုတယ်ကို ပြန်ရောက်ကြတာပါ..
ဘန်ရွမ်ဂလပ် Bumrungrad ဆိုတာကတော့
ဘန်ကောက်က နာမည်ကြီး ဆေးရုံတစ်ခုပါပဲ..
ဒီနေရာမှာ ကြိုပြောထားချင်တာက
ဘန်ကောက်မှာ ဆေးသွားကုတယ် ဆေးသွားစစ်တယ်..ဆိုတဲ့..ခပ်ကြွားကြွား ပို့စ်မျိုး
မြန်မာ ဆရာဝန်တွေ ဆေးရုံတွေကို တိုက်ခိုက်တဲ့ပို့စ်မျိုးရေးတော့မယ်လို့ ကျွန်မကို မထင်ကြစေချင်တာပဲဖြစ်ပါတယ်
ဘန်ရွမ်ဂလပ် မှာ ကိုယ်တိုင် ဆေးမကုဖူးပေမဲ့လို့ ဒီဆေးရုံနဲ့ ကတော့ လွန်ခဲ့တဲ့ ၇နှစ် ၈နှစ်လောက်
ကတည်းကစပြီး ရင်းနှီးကျွမ်းဝင်မှတွေရှိနေခဲ့ပါတယ်
ကျွန်မရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ ၁၄နှစ်လောက်ကတည်းက ဒီဆေးရုံကြီးမှာ နှလုံးနဲ့ပတ်သက်တဲ့ ကုသမှုတစ်ခုလုပ်ခဲ့ဖူးပြီး ယနေ့ထက်တိုင် သူ့နှလုံးဆရာဝန်ကြီးနဲ့ တစ်နှစ်ကို အနည်းဆုံးတစ်ခါတော့ တွေ့ဆုံနေရဆဲပါ
ကျွန်မ ခင်ပွန်းကိုအကြောင်းပြုပြီး ဒီဆေးရုံကို ပထမဆုံးရောက်ဖူးတဲ့ လွန်ခဲ့တဲ့ ၇နှစ် ၈နှစ်လောက်တုန်းက ဆေးရုံမှာ မြန်မာ လူနာဆိုတာ အတော်ရှားရှားပါးပါးပါပဲ
အခု နောက်ပိုင်းတော့ ဘန်ရွမ်ဂလပ်ဟာ မြန်မာလူနာတွေနဲ့ မြန်မာဆေးရုံကြီးဖြစ်နေပါပြီ
Food Court မှာ တန်းစီပါ..တို့
အိမ်သာထဲမှာ..အရေးပေါ်ခလုတ်..တို့
စသည်ဖြင့် မြန်မာလိုစာတမ်းလေးတွေတွေ့ရသလို
ဆေးရုံရဲ့ မြေပုံမှာလည်း မြန်မာဘာသာနဲ့
ဘယ်အထပ်မှာ ဘယ်ဌာနရှိတယ်ဆိုတာမျိုးတွေ
ထည့်ပြီးရေးလာကြပါပြီ
မြန်မာစကားပြန်တွေလည်း ရှိလာပါပြီ..
ဒီတစ်ခေါက်ကတော့ ကျွန်မခင်ပွန်းကလည်း လုပ်စရာလေးတွေ တော်တော်များများရှိနေတာမို့ ဆေးရုံတစ်ခုလုံး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်
အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ပေါ့
ဘယ်နားသွားသွား မြန်မာအမျိုးတွေနဲ့ တွေ့နေ
မြန်မာစကားသံတွေကြားနေရတာဆိုတော့..
အို..ဆေးလာကုကြတာတပျော်ကြီးပါလား တွေးမိပါသေးတယ်
တစ်အိမ်လုံးပါလာကြတာကိုး
ကျွန်မတို့ မြန်မာ လူမျိုးတွေ ပြည်ပထွက်ပြီး ဆေးကုနိုင်ကြတယ်ဆိုတာ အရှင်းဆုံးပြောရရင် ပိုက်ဆံရှိလာကြလို့ပါပဲ
ဒါပေမဲ့..တခြား
တစ်ဘက်ကကြည့်တော့ မြန်မာလူမျိုးတွေအနေနဲ့
မြန်မာဆရာဝန်ကြီးတွေ မြန်မာဆေးရုံတွေ..မြန်မာပြည်က ဓာတ်ခွဲခန်းတွေ..အပေါ် အယုံအကြည်မရှိ
အားကိုးအားထားမရှိကြတော့ဘူး ဆိုတဲ့ ကိစွကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်
ထိုင်းဆရာဝန်တွေဟာ အင်္ဂလိပ်စကားပြော အသံထွက် မြန်မာဆရာဝန်ကြီးတွေလောက် မတော်ကြပါဘူး
မပီသကြပါဘူး..
ဒါပေမဲ့ ကမ္ဘာအရပ်ရပ်က လူနာတွေကို သူတို့ဆီရောက်လာအောင် သူတို့ဆီမြဲနေအောင် လုပ်ထားနိုင်တာ..
တနည်းအားဖြင့် စီးပွားရေး စကားနဲ့ပြောရရင်
အာရှ ကျန်းမာရေး ဈေးကွက်ရဲ့ market share ကို ရာခိုင်နှုန်းအတော်များများယူထားနိုင်တဲ့ သဘောပါ
ဘန်ရွမ်ဂလပ်ဟာ အမေရိကန်လို အဖြူတွေကြားရေပန်းစားတဲ့ဆေးရုံဖြစ်ပါတယ်
ကျွန်မမိတ်ဆွေ အမေရိကန်တွေဟာ ဘမ်ရွန်ဂလပ်က ထိုင်းဆရာတွေဆီကိုပဲ အားကိုးတကြီးသွားကြပါတယ်
ပိုက်ဆံ ချမ်းသာတဲ့ အာရပ်စော်ဘွားတွေ ဘန်ရွမ်ဂလပ်ကိုလာကြပါတယ်
ဘာလို့ပါလဲ
ထိုင်းဆရာဝန်တွေ ဆေးကုပုံကိုကျွန်မပြောပြပါမယ်
လုံးဝ အချိန်မဆွဲဘဲ ကုတာမျိုးဖြစ်ပါတယ်
လူနာနဲ့တွေ့ပြီး ချက်ချင်း
ဘာလုပ် ဘာလုပ်
ဥပမာ X ray လုပ်ခိုင်းတာ
သွေးဖောက်တာမျိုး..ကို
ချက်ချင်း သွားလုပ်ခိုင်းပြီး အဖြေကို ကွန်ပျူတာ ပေါ်ကိုတင် လူနာနဲ့ အတူကြည့်ပြီး..
အထဲမှာတော့ ဘယ်လိုတွေဖြစ်နေပြီ
ဘာဆက်လုပ်မှသင့်တော်မယ်ဆိုတာမျိုးကို
တစ်နေ့တည်းနဲ့
ပြောပြနိုင်တာမျိုးဖြစ်ပါတယ်
လုနာကို တစ်ပတ်မှပြန်လာပြပါတို့ ဘာတို့မလုပ်ဘဲ
one stop service မျိုးပေးနိုင်တာပါ..
ဆေးရုံကလည်း ဆရာဝန်တွေ ရဲ့ ကုထုံးညွှန်ကြားချက်တွေကို အချိန်နဲ့တပြေးညီ အကောင်အထည် ဖော်ပေးနိုင်တဲ့ facility ရှိလို့နေမှာပါပဲ..
ကုတာမြန်တော့ လူနာနဲ့ လူနာရှင်တွေမှာလည်း
စိတ်ထဲမတင်မကျ အီလည်လည်ဖြစ်နေတာမျိုးမရှိဘဲ
Yes or No
Do or Die
တန်းသိရတော့လည်း တစ်မျိုးကောင်းပါတယ်
ကောင်းတာဖြစ်ဖြစ်..ဆိုးတာဖြစ်ဖြစ်..အကြာကြီး မခံစားနေရတော့ဘူး..
အရေးကြီးတာဆိုရင်လည်း အရေးကြီးတာဆက်လုပ်ဖို့ အချိန်မနှောင့်နှေးတော့ဘူးပေါ့
ဆရာတွေဟာ ဒီလောက်ကြီးတဲ့ဆေးရုံကြီးမှာ ဌာနတွေအများကြီး သွားပြီး ရောဂါအမျိုးမျိုးကို ကုသမှုခံနေရတဲ့ လူနာတစ်ယောက်ထဲကို ပူးပေါင်းပြီးဆေးကုနိုင်ကြတာပါ
ကျွန်မ ခင်ပွန်းဟာ ဒီတစ်ခါ နှလုံး
လည်ပင်းအကျိတ်နဲ့ အစာအိမ်အူလမ်းကြောင်း ၃မျိုးကို ကုသစစ်ဆေးဖို့သွားခဲ့တာပါ
သူ့ဆရာဝန်တွေ အချိတ်အဆက်မိနေတာ လုံးဝဟာကွက်မရှိပါဘူး
ဘာပဲလုပ်လုပ် နှလုံးဆရာဝန်ကြီးရဲ့ သဘောတူ ထောက်ခံ ချက်ကိုပဲအရယူပြီး..
သူ့နှလုံးအခြေအနေအရ ဒီကုထုံးနဲ့ ဖြစ်ပါ့မလား ဆိုတာမျိုးတွေကို တိုင်ပင်ချိတ်ဆက်ပြီး ကုသးပေးကြတာမျိုးပဲဖြစ်ပါတယ်
ကိုယ့် ကိစွပဲကိုယ်ကြည့်ပြီး လူနာကို မျက်နှာလွှဲခဲပစ်မလုပ်တတ်ကြတာ သူတို့ကို အားကိုးမိစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်
ပြီးတော့ အားသာချက်တစ်ခုက ဒီဆရာတွေရဲ့ clinic hour တွေကိုကြည့်ရင်း ဒီဆေးရုံတစ်ခုထဲမှာပဲ တစ်နေကုန်
သို့မဟုတ် မနက်ပိုင်း ညနေပိုင်း ထိုင်နေကြတာကိုတွေ့ရပါတယ်
ခွဲစိတ်စရာရှိလည်း ဒီသက်ဆိုင်ရာ ဌာနတွေမှာပဲ လုပ်လိုက်ကြပါတယ်
ဒီတော့ ပြောထားတဲ့အချိန်သာရောက်အောင်သွားပါ
ဆရာခွဲခန်းအရေးတကြီးဝင်ရတဲ့ ကိစွ မျိုးတွေသာမရှိခဲ့ရင် စောင့်ရလှ၁၅ မိနစ်ပါပဲ..
ကျွန်မတို့ တွေ့ရတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆရာဝန်ကို ဆရာ မှန်ပြောင်းကြည့်နေတဲ့လူနာကြောင့် ၁နာရီလောက်စောင့်ရတော့ ဆရာ့ နပ်စ်မလေးဟာ ပြာနေပါတယ်
Customer care ဆိုတာ complaint လာမှလုပ်တယ်ဆို အလကား ပါပဲ
အရာမထင်ပါဘူး..
ကျွန်မတို့ကို စားသောက်ဆိုင်တွေသွားစားပါဆိုပြီး ဆေးရုံက ကူပွန်လေးတွေ ထုတ်ပေးပါတယ်..
ကော်ဖီ ဖျော်ပေးရမလား မေးပါတယ်..
သူနာပြုတွေဟာ တွေ့တာနဲ့ လက်အုပ်ကလေးချီပြီး နှုတ်ဆက်တတ်ကြပါတယ်
ဒီက သူနာပြုတချို့ အဖေအရွယ် အမေအရွယ်တွေကိုတောင်မှ သံပြတ်နဲ့ ပြောဆိုနေတာ..
ဆောင့်အောင့်နေတာ ..တွေ့ရတာ ဝမ်းနည်းစရာပါပဲ
သူတို့လည်း..
ဟိုဆေးရုံ ဒီဆေးရုံသာ ပြေးပြီး လူနာကြည့်နေရမယ်ဆိုရင် Traffic ကြောင့် နောက်ကျတာမျိုးတွေဖြစ်နိုင်တာပါပဲလေ
ဒီအတွက် ဆေးရုံက ဒီဆရာတွေကို လခနှုန်းထားတစ်ခုပေးပြီး ခန့်ထားတယ်လို့ထင်ပါတယ်
လူနာဆီကလည်း စမ်းသပ်ခရကြပါတယ်
နောက်တစ်ခုက သူတို့ဆီမှာ recovery rate အရမ်းကောင်းပါတယ်
ကျောက်ကပ်ဆေးတဲ့ လူနာဟာ ဆေးပြီးရင် အမောမဆို့ပါဘူး
ချက်ချင်း ထောင်လာပါတယ်
မြန်မာပြည်မှာ ကျောက်ကပ်တစ်ခါဆေးပြီးတိုင်း ၂ရက်လောက် မောပန်းနှုန်းချိနေတယ်လို့ကြားဖူးပါတယ်
ဒူးခွဲတယ်. ..
ရေခဲ အုံပြီးပြန်လွှတ်ပေးလိုက်တယ်
မှန်ပြောင်းကြည့်တယ်..
ပြီးတာနဲ့ အစာစား..
ပြန်..
တစ်ခုခုဖြစ်ရင် Ambulance ခေါ်လိုက်..
လူနာကို မလိုဘဲ လုံးဝ ဆေးရုံမတက်ခိုင်းပါဘူး
လိုရင်လည်း လိုသလိုလုပ်ပါတယ်
မလိုရင်လည်းမလုပ်ပါဘူး
ဆေးကုသမှု စရိတ်ကိုပြောမယ်ဆိုရင်
မြန်မာပြည်က နာမည်ကြီးနေရာတွေမှာ ပြသလောက်ပဲ ကုန်တာပါ
နေစရိတ် စားစရိတ် သွားစရိတ်လေးတော့ရှိမယ်ပေါ့လေ...
ဒါပေမဲ့..မြန်မြန်သိရတယ်
ကုရတယ်..
စစ်တာဆေးတာတွေ မှန်တယ် မြန်တယ်
Communication ကောင်းတယ်
ဆိုတော့.. မထူးပါဘူး..
ဘန်ကောက် သာသွားလိုက်ပါတော့မယ်လို့ လူတွေစိတ်မှာဖြစ်လာတယ်ထင်ပါရဲ့..
ဆရာဝန်တွေဟာ..
လူနာအတွက် လိုအပ်သမျှ ဥပမာ ကျန်းမာရေး အာမခံ နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း တွေကို သေသေချာချာ ဖြည့်ပေးကြပါတယ်
နောက်တစ်ခုကတော့ အရမ်းသဘောကောင်းကြတာပါပဲ
ဆရာဝန်တွေဟာ လူနာကို ပြုံးပြုံးချိုချို ဆက်ဆံပေးကြပါတယ်
အချိန်ပေးကြပါတယ်
နားလည်အောင် ရှင်းပြကြပါတယ်
နင် စိတ်မပူနဲ့နော်
နင် ညအိပ်ပျော်အောင်အိပ်
စိတ်ပူရမှာက ငါနော်..
ငါကနင့်ကိုကုရမှာ..
ဟုတ်ပြီလား..
ငါ ဘယ်လောက်ပင်ပန်းခဲ့ ပင်ပန်းခဲ့..နင်ကောင်း
နေတော့ငါပျော်သွားပြီ
နင် ငါ့ဆီလာလည်နော်
သိချင်တာရှိရင် အီးမေးလေးပို့လိုက်နော်..
လူဆိုတာသေမျိုးပဲနော်..
နင်အရင်မသေဘဲ ..ငါအရင်သေချင်သေနေမှာလေ..
ဒါပေမဲ့..ငါ့လူနာတွေအကုန်လုံး ၉၉နှစ်တို့..၉၂နှစ်တို့..အသက်ရှည်ကြတယ်..
နင်ကတော့ ၁၀၀ထိရှည်အောင်လုပ်ရမယ်နော်...
အဲလို စကားလေးတွေကို ချစ်ချစ်ခင်ခင်တရင်းတနှီးပြောတတ်ပါတယ်
လူနာတွေ လူနာရှင်တွေဆိုတာ အခြေအနေအရပ်ရပ်အရ စိတ်ဖိစီးမှု တွေရှိနေကြတဲ့သူတွေဖြစ်ပါတယ်
ကိုယ့်ကိုကြည့်ပေးတဲ့ ဆရာက ဒီလိုကြင်ကြင်နာနာ
ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတဲ့အခါ
ကြည်နူးရတာအမှန်ပါပဲ..
ဒီလိုရေးတော့ ဆရာဝန်မိတ်ဆွေတွေကိုတော့ အားနာမိပါတယ်..
ကျွန်မကိုယ်တိုင် ဆရာဝန်မိသားစုထဲက လူပါပဲ..
ဒါပေမဲ့ သူတို့တွေကပဲ ကျွန်မကို ဘာဖြစ်ဖြစ် ဘန်ကောက်သာသွားလိုက်ပါလို့ပြောလာကြတော့ ကျွန်မလည်းတွေဝေလာတာအမှန်ပါပဲ
မြန်မာပြည်က ဝိတိုရိယဆေးရုံမှာ အရင်အပတ်က ကျွန်မသွေးရောဂါကို တိုင်ပင်ဖို့ ဆရာဝန်မကြီးတစ်ယောက်ဆီ appointment ယူပါတယ်
နေ့လည်၂နာရီချိန်းတာ ၄နာရီထိုးတဲ့အထိရောက်မလာပါဘူး
သူ့ဘာသူဘာကြီးပဲဖြစ်နေပါစေ..
ဒီလို ..လူနာကို ငါလာချင်တဲ့အချိန်လာမယ်
စောင့်နိုင်ရင်ပြဆိုတဲ့ ဆရာဝန်မျိုးကို ဘယ်လိုမှ
မလေးစားနိုင်တော့တဲ့အတွက် complaint letter ရေးပြီးထပြန်လာခဲ့ပါတယ်
ဘန်ရွမ်ဂရက်မှာ ကြုံတုန်းပြလိုက်ပါတော့မယ်လေ
ဆိုပြီး ပြနေတုန်း ဝိတိုရိယ customer care က ဖုံးလာပါတယ်
တောင်းပန်ပါတယ်ပေါ့
ကျွန်မက စိတ်ဆိုးနေတဲ့သူမဟုတ်ပါဘူး
စနစ်ကြီးတစ်ခုလုံး ဒီလိုဖြစ်နေတာမို့လို့ ကျွန်မလည်း ဘာမှမလုပ်တတ်ပါဘူး
မြင်မိလိုက်တာကတော့
မြန်မာပြည်က မြန်မာဆေးရုံတစ်ခုမှာ သုံးလိုက်ရမဲ့
မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ပိုက်ဆံတွေဟာ
ဘန်ကောက်က ဘန်ရွမ်ဂလပ်ကို ရောက်သွားတာကိုပါပဲ..
ကျွန်မ ဆရာဝန်နဲ့ ၂ရက်တွေ့
သွေး ၃မျိုးစစ်ခဲ့ရပြီး
၃လစာ သောက်ဆေးရ
စုစုပေါင်း မြန်မာငွေ ၂သိန်းကျော်ပဲကျခဲ့ပါတယ်..
ဒီ၂သိန်းဖိုးလောက်ကိုတောင် မြန်မာပြည်ရဲ့ ပြည်သူ့ကျန်းမာရေး system ကြီးက ထိုင်းနဲ့ပြိုင်ပြီး
လူနာတစ်ယောက်ရဲ့ အိပ်ထဲက လျှောလျှော ရှူရှူလေးထွက်ကျလာအောင် မလုပ်နိုင်ဘူးဆိုတာ
အရမ်းနှမျောစရာကောင်းတဲ့အချက်ဖြစ်ပါတယ်
သူတို့တွေက ကျွန်မတို့ အိတ်ထဲက ပိုက်ဆံတွေကို ဆဝါဒီခပ် ဆိုပြီး လက်အုပ်လေးချီ ပြုံးပြုံးလေးယူသွားကြပါတယ်
မူရင်း-မွန်ဟော်စီ
၅ သြဂုတ် ၂၀၁၈
via Dr Tay Za Kyaw

No comments:
Post a Comment