Showing posts with label Buddha quotes. Show all posts
Showing posts with label Buddha quotes. Show all posts

Friday, October 5, 2018

ဗုဒ္ဓရဲ့ စကားကြီး (၁၀) ခွန်း

http://mhuthaw.blogspot.com/2012/04/blog-post_16.html
ကွကိုယ် ဆင် ခြင် ဥာဏ် သုံးပါလို့ ပြောခြင်တာ
========
 ဗုဒ္ဓရဲ့ စကားကြီး (၁၀) ခွန်း

၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတစ်ခု လက်မခံလိုက်နဲ့အုံး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲပ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့အုံး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့အုံး။
၎။ စာနဲ့ရေးတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့အုံး။
၅။ မိမိတွေးတောကြံဆလို့ပေါ်လာတဲ့ မိမိရဲ့အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့အုံး။
၆။ မှီရာ နည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့အုံး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်းအထောက်အထားပေပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့အုံး။
၈။ မိမိကြိုတင် စဉ်းစားတွေးတော လက်ခံထားသော အယူအဆနှင့် တစ်စုံတစ်ယောက်ဟောပြောချက် ၊အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့အုံး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီးတွေ  ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့အုံး။
၁၀။ ငါတို့လေးစားတဲ့ ငါတို့ ဆရာ စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်နဲ့အုံး။

အရာရာကိုတွေးခေါ်စဉ်းစား ဆင်ခြင်တတ်သော လူတော်လူကောင်းများ ဖြစ်ကြပါစေ........

အားလုံးကိုလေးစားလျက်...

https://www.facebook.com/notes/atta-kyaw/kalama-sutta-%E1%80%80%E1%80%AC%E1%80%9C%E1%80%AC%E1%80%99%E1%80%9E%E1%80%AF%E1%80%90%E1%80%B9/406479099929/

ကာလာမသုတ်တွင် မြတ်စွာဘုရားက ဤသို့ မိန့်ကြားခဲ့ပါသည်။

၁။    ကလေးဘဝမှ စ၍ ကြားနာမှတ်သားခဲ့ရခြင်းဖြင့်လည်း ဟုတ်တယ်၊ မှန်တယ်ဟု၊ အမြဲ အစွဲမယူကြနှင့်။

၂။    မိဘဘိုးဘွားတို့မှဆင်းသက်၍ အဆက်ဆက် မှတ်ယူ လုပ်ကိုင်ရိုးဖြစ်၍လည်း အမြဲ စွဲမှတ်ယူမထားကြနှင့်။

၃။    ဣတိကိရ (ဒီဟာက ဒီလိုတဲ့)ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲ မှတ်ယူမထားနှင့်။

၎။    ဒီအယူအဆဟာ ငါတို့ သင်ထားသော ကျမ်းစာနှင့် ညီတယ်ဟု မိမိတို့ ကျမ်းစာနှင့် ညီနေရုံမျှဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။

၅။    မိမိဘာသာ ကြံစည်ထားသောအရာကိုလည်း ဟုတ်လှပြီ၊ မှန်လှပြီဟု အမြဲ အစွဲယူမထားကြနှင့်။

၆။    အခြားနေရာ (အခြားနိုင်ငံ)တို့၌ သူတပါးတို့ လုပ်နည်း ကိုင်နည်းကို သဘောကျ၍လည်း ဤနေရာ၌ သင့်တော်လှပြီဟု အမြဲ အစွဲယူ မထားကြနှင့်။

၇။    တစ်စုံတစ်ရာပြုဖို့ အကြောင်းအထောက်အထားကို စဉ်းစားရာဝယ် အကြောင်းအထောက်အထား ရ၍ သဘောကျသဖြင့်လည်း အမြဲ အစွဲ ယူမထားကြနှင့်။

၈။    သူပြောသော အယူဝါဒသည် ငါတို့ စဉ်းစားကျေနပ်ထားသော အယူနှင့် ညီမျှပေသည်ဟု အယူဝါဒချင်း တူရုံမျှဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။

၉။    ဤရသေ့ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်း ပုဂ္ဂိုလ်တည်း။ ဒီလိုပုဂ္ဂိုလ်၏ စကားကို လေးလေးစားစား မှတ်သားထိုက်သည်ဟု လည်း စွဲစွဲမြဲမြဲ မှတ်ယူမထားနှင့်။

၁၀။    ဤရသေ့ရဟန်းကား ငါတို့ ကိုးကွယ်သော ဆရာဖြစ်၏။ ငါ့ဆရာ စကားကို ငါမှတ်သင့်သည်ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့်။

(ကျေးဇူးတော်ရှင် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ “အနာဂတ် သာသနာရေး”စာအုပ်မှာ ဆရာတော် ပြန်ဆိုထားတဲ့အတိုင်း ကူးယူထားတာပါ။)

The Sutta starts off by describing how the Buddha passes through the village of Kesaputta and is greeted by its inhabitants, the Kalamas of the title. They ask for his advice: they say that many wandering holy men and ascetics pass through, expounding their teachings and criticizing that of others. So whose teachings should they follow? He delivers in response a sermon that serves as an entry point to the Buddhadhamma for those unconvinced by mere spectacular revelation

The Buddha proceeds to list the criteria by which any sensible person can decide which teachings to accept as true. Do not believe religious teachings, he tells the Kalamas, just because they are claimed to be true, or even through the application of various methods or techniques. Direct knowledge grounded in one's own experience can be called upon. He advises that the words of the wise should be heeded and taken into account. Not, in other words, passive acceptance but, rather, constant questioning and personal testing to identify those truths which you are able to demonstrate to yourself actually reduce your own stress or misery:

* Do not go upon what has been acquired by repeated hearing,
* nor upon tradition,
* nor upon rumor,
* nor upon what is in a scripture,
* nor upon surmise,
* nor upon an axiom,
* nor upon specious reasoning,
* nor upon a bias towards a notion that has been pondered over,
* nor upon another's seeming ability,
* nor upon the consideration, "The monk is our teacher."

Thus, the Buddha provides ten specific sources which should not be used to accept a specific teaching as true, without further verification:

1. Oral history
2. Traditional
3. News sources
4. Scriptures or other official texts
5. Suppositional reasoning
6. Philosophical reasoning
7. Common sense
8. One's own opinions
9. Authorities or experts
10. One's own teacher

Instead, he says, only when one personally knows that a certain teaching is skillful, blameless, praiseworthy, and conducive to happiness, and that it is praised by the wise, should one then accept it as true and practice it. Thus, neither was this teaching intended as an endorsement of radical skepticism:

On the basis of a single passage, quoted out of context, the Buddha has been made out to be a pragmatic empiricist who dismisses all doctrine and faith, and whose Dhamma is simply a freethinker's kit to truth which invites each one to accept and reject whatever he likes.

တိပိဋကဓရ မင်းကွန်းဆရာတော် ဦးဝိစိတ္တ ဆရာတော်ဘုရားကြီးရဲ့ မြန်မာပြန် အပြည့်အစုံကို ဆရာရဲမြတ်သူက ပို့ပေးတဲ့အတွက် အောက်မှာ ဖြည့်စွက်ထားပါတယ်။

သုတ္တန် -- အင်္ဂုတ္တိုရ် -- တိကနိပါက -- ဒုတိယပဏ္ဏာသက -- မဟာဝဂ် --ကာလမသုတ်

၅ - ကေသမုတ္တိသုတ်

၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာတို့နှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူလတ်သော် ကာလာမမင်းတို့၏ ကေသမုတ္တမည်သော နိဂုံးသို့ ရောက်တော်မူ၏။

ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် ဤသို့ ကြားသိကြကုန်၏။

“အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ကေသမုတ္တနိဂုံးသို့ ရောက်လာတော်မူ၏။ ထို အသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။ ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ ထိုသို့ သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့အား ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိကြကုန်၏)။

ထို့နောက် ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကြကုန်၏။ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် မြတ်စွာဘုရားရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။ အချို့တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။

တစ်ခုသော နေရာ၌ ထိုင်နေကြသော ကေသမုတ္တနိဂုံးသား ထိုကာလာမမင်းမျိုးတို့သည် မြတ်စွာဘုရားအား “အရှင်ဘုရား အချို့သော သမဏဗြာဟ္မဏတို့သည် ကေသမုတ္တနိဂုံးသို့ ရောက်လာ ပါကုန်၏။ ထို သမဏ ဗြာဟ္မဏတို့သည် မိမိ အယူဝါဒကိုသာလျှင်ပြပါကုန်၏၊ ထွန်းပစေပါ ကုန်၏။ သူတစ်ပါး အယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါ ကုန်၏၊ အသျှင်ဘုရား တခြားသော သမဏ ဗြာဟ္မဏအချို့တို့သည်လည်း ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း မိမိ အယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေကုန်ပါ၏၊ သူတစ်ပါး အယူဝါဒကိုမူကား ထိပါး ပါကုန်၏၊ မထီမဲ့မြင်ပြု ပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊ အသျှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် အဘယ် သမဏ ဗြာဟ္မဏသည် မှန်သော စကားကို ဆိုပါသနည်း၊ အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကို
ဆိုပါသနည်းဟု အကျွန်ုပ်တို့အား ယုံမှား ခြင်း တွေးတောခြင်း ဖြစ်ခဲ့ပါ၏” (ဟု လျှောက်ကုန်၏)။

ကာလာမမင်းတို့... သင်တို့အား ယုံမှားခြင်းငှါ သင့်ပေ၏၊ တွေးတောခြင်းငှါ သင့်ပေ၏၊ သင်တို့အား ယုံမှားခြင်းငှါ သင့်သော အရာ၌ ယုံမှားခြင်း ဖြစ်၏။

ကာလာမမင်းတို့... သင်တို့သည် ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး။ ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည် ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟုအတည်) မယူကုန်လင့်ဦး၊ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊

ကာလာမမင်းတို့... ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ် ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရား တို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ် ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏ဟုသင်တို့ သည် မိမိတို့ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ တပ်မက်ခြင်း `လောဘ´သည် သတ္တဝါ၏ အတွင်း `အဇ္ဈတ္တ´ သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော၊ သို့မဟုတ် အစီးအပွားမဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။

“အစီးအပွား မဲ့ခြင်းငှါ ဖြစ်ပါသည် အရှင်ဘုရား”

ကာလာမမင်းတို့... တပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်သော `လောဘ´ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွားလာ၏၊ မဟုတ် မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်း သူတစ်ပါး အသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။

“ဖြစ်နိုင်ပါသည် အရှင်ဘုရား”

ကာလာမမင်းတို့... ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ အမျက်ထွက်ခြင်း `ဒေါသ´သည် သတ္တဝါ၏ အတွင်း `အဇ္ဈတ္တ´ သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော၊ သို့မဟုတ် အစီးအပွား မဲ့ခြင်းငှါ ဖြစ်သလော ဟု (မိန့်တော်မူ၏)။

“အစီးအပွားမဲ့ခြင်းငှါ ဖြစ်ပါသည် အရှင်ဘုရား”

ကာလာမ မင်းတို့... အမျက်ထွက်သော ပုဂ္ဂိုလ်သည် အမျက်ထွက်ခြင်း `ဒေါသ´ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည် ကိုလည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထိုအတိုင်းပြုရန် ဆောက်တည်စေ၏၊ ယင်း သူတစ်ပါး အသက်သတ်ခြင်း သတ်စေခြင်း စသည်တို့သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။

“ဖြစ်နိုင်ပါသည် အရှင်ဘုရား”

ကာလာမမင်းတို့... ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တွေဝေခြင်း `မောဟ´သည်သတ္တဝါ၏ အတွင်း `အဇ္ဈတ္တ´ သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော။ပ။ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။

“ဖြစ်နိုင်ပါသည် အရှင်ဘုရား”

ကာလာမမင်းတို့... ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ သို့မဟုတ် အကုသိုလ် တရားတို့လောဟု (မိန့်တော်မူ၏)။

“အကုသိုလ်တရားတို့ ဖြစ်ပါသည် အရှင်ဘုရား”

အပြစ်ရှိသော တရားတို့လော၊ သို့မဟုတ် အပြစ် မရှိသော တရားတို့လောဟု (မိန့်တော်မူ၏)။

“အပြစ်ရှိသော တရားတို့ဖြစ်ပါသည် အရှင်ဘုရား”

ပညာရှိတို့ ကဲ့ရဲ့အပ်သော တရား တို့လော၊ သို့မဟုတ် ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့လော ဟု (မိန့်တော်မူ၏)။

“ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့ ဖြစ်ပါသည် အရှင်ဘုရား”

(ဤတရား တို့ကို) ပြည့်စုံစေအပ် ဆောက်တည်အပ်ကုန်သော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်သလော၊ (သို့မဟုတ်) မဖြစ်ကုန်သလော။ ဤနေရာ၌ (သင်တို့စိတ်) အဘယ်သို့ ရှိသနည်းဟု (မိန့်တော်မူ၏)။

“အရှင်ဘုရား (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန်သော် အစီးအပွါး မဲ့ခြင်းငှါ ဆင်းရြဲခင်းငှါ ဖြစ်ကုန်ပါ၏၊ ဤနေရာ၌ တပည့်တော်တို့၏ (စိတ်) ဤသို့ ရှိပါသည် အသျှင်ဘုရား”ဟု (လျှောက်ကုန်၏)။

ကာလာမမင်းတို့... သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ် အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည် ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန် လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ `ဤတရား တို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား
အပြစ်ရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည်ရှိသော် အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏ ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသော အခါ၌မူ ပယ်စွန့်ကုန်ရာ၏ဟု ငါမိန့်ဆိုခဲ့သော စကား သည်ကား ဤသည်ကို စွဲ၍ မိန့်ဆိုသော စကားဖြစ်၏။

ကာလာမမင်းတို့.... သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ် ဟူသော စကားမျှဖြင့်လည်းမယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန် လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊နည်းမှီးယူခြင်းမျှ ဖြင့်လည်း မယူကုန် လင့်ဦး၊ အခြင်းအရာကို ကြံစည်သော အားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည် ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန် လင့်ဦး၊ ငါတို့ လေးစားရသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ `ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသောတရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို
ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏´ဟု
သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

ကာလာမမင်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မတပ်မက်ခြင်း `အလောဘ´သည် သတ္တဝါ၏ အတွင်း `အဇ္ဈတ္တ´ သန္တာန်၌ ဖြစ်သော် အစီးအပွားရှိခြင်းငှါ ဖြစ်သလော၊ သို့မဟုတ် အစီးအပွားမဲ့ခြင်းငှါ ဖြစ်သလောဟု (မိန့်တော်မူ၏)။

“အစီးအပွား ရှိခြင်းငှါ ဖြစ်ပါသည် အရှင်ဘုရား”

ကာလာမမင်းတို့... မတပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်ခြင်း `လောဘ´ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း မသတ်၊ မပေးသည်ကိုလည်း မယူ၊ သူ့မယားကိုလည်း မသွားလာ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆို၊ သူတစ်ပါးကိုလည်း ထိုအတိုင်း (သူတစ်ပါး အသက် သတ်မှုစသည်) ပြုရန် မဆောက်တည်စေ၊ ယင်းသူတစ်ပါး အသက် မသတ်ခြင်း စသည်တို့သည် ထိုသူအား ကြာမြင့် စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။

“ဖြစ်နိုင်ပါသည် အရှင်ဘုရား”

ကာလာမမင်းတို့... ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အမျက်မထွက်ခြင်း `အဒေါသ´သည် သတ္တဝါ၏ အတွင်း `အဇ္ဈတ္တ´ သန္တာန်၌ ဖြစ်သော်? မတွေဝေခြင်း `အမောဟ´ သည် သတ္တဝါ၏ အတွင်း `အဇ္ဈတ္တ´ သန္တာန်၌ ဖြစ်သော် အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်သည်မဟုတ်လောဟု (မိန့်တော်မူ၏)၊

“ဖြစ်နိုင်ပါသည် အရှင်ဘုရား”

ကာလာမမင်းတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတရားတို့သည် ကုသိုလ်တရားတို့လော၊ သို့မဟုတ် အကုသိုလ်တရားတို့လောဟု (မိန့်တော်မူ၏)။

“ကုသိုလ်တရားတို့ ဖြစ်ပါသည် အရှင်ဘုရား”

အပြစ်ရှိသော တရားတို့လော၊ သို့ဟုတ် အပြစ်မရှိသော တရားတို့လောဟု မိန့်တော်မူ၏။

“အပြစ်မရှိသော တရားတို့ ဖြစ်ပါသည် အရှင်ဘုရား”

ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့လော၊ သို့မဟုတ် ပညာရှိတို့ချီးမွမ်းအပ်သော တရားတို့လောဟု (မိန့်တော်မူ၏)။


“ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့ ဖြစ်ပါသည် အရှင်ဘုရား”

(ဤတရားတို့ကို) ပြည့်စုံ စေအပ် ကောင်းစွာ ဆောက်တည်အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်သလော၊ သို့မဟုတ် မဖြစ်ကုန်သလော၊ ဤနေရာ၌ (သင်တို့စိတ်) အဘယ်သို့ ရှိသနည်းဟု (မိန့်တော်မူ၏)။

“အရှင်ဘုရား... (ဤတရားတို့ကို) ပြည့်စုံစေအပ် ကောင်းစွာ ဆောက်တည် အပ်ကုန်သော် အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါကုန်၏၊ ဤနေရာ၌ တပည့်တော်တို့၏ (စိတ်) ဤသို့ရှိပါသည် အသျှင်ဘုရား”ဟု (လျှောက်ကုန်၏)။

ကာလာမမင်းတို့... သင်တို့သည် ပြောသံကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ် ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ပိဋကတ် (မိမိတို့ ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမျှလည်း မယူ ကုန်လင့်ဦး၊ နည်းမှီးယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး၊ အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူကုန်လင့်ဦး၊ (ငါတို့) ကြံစည် နှစ်သက်၍ ယူထားသော အယူနှင့် တူညီပေသည် ဟူ၍လည်း မယူကုန်လင့်ဦး၊ မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး၊ ငါတို့ လေးစားသော ရဟန်း၏ စကားဟူ၍လည်း မယူကုန်လင့်ဦး၊ ကာလာမမင်းတို့ `ဤတရားတို့ကား ကုသိုလ်တရားတို့တည်း။ ဤတရား
တို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည်အပ် ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါဖြစ်ကုန်၏ ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိသော အခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏ဟု ငါမိန့်ဆိုခဲ့သော စကားသည်ကား ဤသည်ကို စွဲ၍ မိန့်ဆိုအပ်သော စကားဖြစ်၏။

ကာလာမမင်းတို့ အရိယာတပည့်သည် ဤသို့ မက်မောခြင်း `အဘိဇ္ဈာ´မှ ကင်းသည် ပျက်စီးစေလိုခြင်း `ဗျာပါဒ´မှ ကင်းသည် တွေဝေခြင်းမရှိသည် ဆင်ခြင်တုံတရားရှိသည် သတိနှင့်ပြည့်စုံသည်ဖြစ်၍ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို၊ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံး ပါဝင် သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ကြောင့်ကြခြင်း မရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း `ကရုဏာ´ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း`မုဒိတာ´နှင့် ယှဉ်သော စိတ်ဖြင့်၊ လျစ်လျူရှုခြင်း `ဥပေက္ခာ´ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာအလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါ အားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါ အားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ကြောင့်ကြခြင်း မရှိသော လျစ်လျူရှုခြင်း `ဥပေက္ခာ´ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ကာလာမမင်းတို့... ဤသို့ ရန်ကင်းသောစိတ်ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သော စိတ်ရှိသော အရိယာတပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ကုန်၏။ တမလွန် လောကသည် အကယ်၍ ရှိအံ့၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထို့သို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့်မည်ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော ပဌမ ထောက်တည်ရာ ပေတည်း။

တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကောင်းစွာပြုအပ်သော မကောင်းသဖြင့် ပြုအပ်ကုန်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ ထို့သို့ မရှိခဲ့သော် ငါသည် မျက်မှောက်ဘဝ၌ပင် ရန်မရှိသောကြောင့်ကြမရှိသော ဆင်းရဲ မရှိသော ချမ်းသာခြင်း ရှိသော မိမိကိုယ်ကို ဆောင်ရပေ၏ ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော ဒုတိယထောက်တည်ရာ ပေတည်း။

မကောင်းမှုကို ပြုခဲ့လျှင် ပြုသည် မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်းမှုကို အားမထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိနိုင်စေအံ့နည်းဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော တတိယထောက်တည်ရာ ပေတည်း။

မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း၊ ပြုသည် မမည်ခြင်းဟူသော) နှစ်ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ ဟူသော ထောက်တည်ရာကို ရလေ၏၊ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော စတုတ္ထ ထောက်တည်ရာ ပေတည်း။ ကာလာမမင်းတို့ ဤသို့ ရန်ကင်းသောစိတ် ကြောင့်ကြကင်းသော စိတ် မညစ်ညူးသောစိတ် စင်ကြယ်သောစိတ် ရှိသော ထိုအရိယာ တပည့်အား ယခုဘဝ၌ပင် ဤထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ကုန်၏ ဟု (မိန့်တော်မူ၏)။

“မြတ်စွာဘုရား ဤအတိုင်းပင် မှန်ပါပေ၏၊ မြတ်စွာဘုရား ဤအတိုင်းပင်ဟုတ်ပါပေ၏၊ ဤသို့ ရန်ကင်းသောစိတ် ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သောစိတ် ရှိသော ထိုအရိယာ တပည့်အား ယခုဘဝ၌ပင် ထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ပါကုန်၏။ တမလွန် လောကသည် အကယ်၍ ရှိအံ့၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ ရှိအံ့၊ ထို့သို့ရှိခဲ့သော် ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရလိမ့်မည်ဟူသော သက်သာရာကို ရလေ၏၊ ဤသည်ကား ထို အရိယာတပည့်အား ရအပ်သော ပဌမထောက်တည်ရာပေတည်း။

“တမလွန်လောကသည် အကယ်၍ မရှိအံ့၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်းသည် အကယ်၍ မရှိအံ့၊ ထို့သို့ မရှိခဲ့သော် ငါသည် ယခုဘဝ၌ပင် ရန်မရှိသော ကြောင့်ကြမရှိသော ဆင်းရဲမရှိသော ချမ်းသာခြင်း ရှိသော မိမိကိုယ်ကို ဆောင်ရ၏ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော ဒုတိယ ထောက်တည်ရာ ပေတည်း။

“မကောင်းမှုကို ပြုခဲ့လျှင် ပြုသည်မည်အံ့၊ ငါသည် တစ်စုံတစ်ခုသော မကောင်းမှုကို အား မထုတ်ခဲ့၊ (မကောင်းမှု) မပြုသော ငါ့အား အကုသိုလ်ကံသည် အဘယ်မှာ ဆင်းရဲကို တွေ့ထိ နိုင်စေအံ့နည်းဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော တတိယ ထောက်တည်ရာပေတည်း။ မကောင်းမှု ပြုသော်လည်း ပြုသည် မမည်အံ့၊ ထိုသို့ ပြုသည် မမည်သော် ငါသည် (မကောင်းမှုကို မပြုခြင်း၊ ပြုသည် မမည်ခြင်း ဟူသော) နှစ်ပါးစုံဖြင့်သာလျှင် စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်ရပေ၏ ဟူသော ထောက်တည်ရာကို ရလေ၏။ ဤသည်ကား ထို အရိယာ တပည့်အား ရအပ်သော စတုတ္ထ ထောက်တည်ရာ ပေတည်း။

“အရှင်ဘုရား ဤသို့ ရန်ကင်းသောစိတ် ကြောင့်ကြကင်းသောစိတ် မညစ်ညူးသောစိတ် စင်ကြယ်သောစိတ် ရှိသော ထို အရိယာ တပည့်အား ယခုဘဝ၌ပင် ဤထောက်တည်ရာ လေးမျိုးတို့ကို ရအပ်ပါကုန်၏။

“အရှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ ကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါကုန်၏။ မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ် ဆည်းကပ်သော ဥပါသကာတို့ဟု မှတ်တော်မူပါ”ဟု (လျှောက်ကြကုန်၏)။

ပဉ္စမသုတ်။

Friday, April 25, 2014

Buddha quotes-6



Buddha quotes-6
“စိတ်သောကကိုဖယ်ရှားဖို့
မိမိစိတ်ခံစားမှုကို “ငါ မပါပဲအမှန်အတိုင်း သိနိုင်အောင်ကြိုးစားပြီး
စိတ်သောကကို ဖြေဖျောက်ဖို့ မြတ်ဗုဒ္ဓကညွှန်ပြခဲ့ပါတယ်။
စိတ်ခံစားမှုကို မလျှော့ချနိုင်ဘူးဆိုရင် သောကကိုလည်း လျှော့ချနိုင်ဖို့မလွယ်ကူပါဘူး။
မိမိစိတ်ထဲမှာ လောဘကြောင့်ခံစားမှုတွေ ဖြစ်နေရတာလား၊ ဒေါသစိတ်ကြောင့်ခံစားမှုတွေ ဖြစ်နေတာလား၊
အမှန်အတိုင်းသိဖို့ လိုပါတယ်။
ဒီနည်းစနစ်ကို မကျွမ်းကျင်သေးဘူးဆိုရင် မိမိကိုယ်ကိုမေတ္တာပို့ပြီး စိတ်နှလုံး အေးချမ်းမှုရအောင် လေ့ကျင့်သင့်တယ်။
ဒါမှမဟုတ် မြတ်စွာဘုရားရဲ့ဂုဏ်တော် တစ်ခုခုကိုနှလုံးသားထဲ ရောက်အောင်ပို့ပြီး ငြိမ်းအေးမှုရအောင် လုပ်သင့်တယ်။
အထိုက်အလျောက် အေးချမ်းမှုရလာရင်တော့ မိမိစိတ်ကိုဆင်းရဲအောင်၊ပင်ပန်းအောင်ပူလောင်အောင်
လုပ်နေတဲ့တရားခံကို ရှာတွေ့မှာပါ။
အဲဒီအချိန်ကြမှ တရားခံကို “သတိ အကူဖြင့် အားနည်းအောင်ပြုပြီး ၊ ဖယ်ရှားဖို့ဖြစ်ပါတယ်။
-အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)
-------------------------------------------------------------------------------------
အဓိပ္ပါယ် မရှိတဲ့ဘဝ၊
အဆင့်မြင့်တဲ့ ဦးတည်ချက် မရှိတဲ့ဘဝမျိုးကို  နေနေတဲ့သူဟာ “လူပီသတဲ့ဘဝကို မနေတတ်သေးဘူး။
ကိုယ့်စိတ်ကလေး “သတိ ရှိနေတယ်။ ကြည်လင်အေးချမ်း နေတယ်။နူးညံ့နေတယ်။
မေတ္တာ ၊ ကရုဏာ ဖြစ်နေတယ်။ ဘယ်သူကအဲဒါကို လာတိုင်းတာလို့ ရသလဲ၊ မရဘူး။
သူများ တိုင်းတာလို့ မရနိုင်တာကိုပဲ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်အောင် လုပ်ပြီးဒါနဲ့ပဲ ကိုယ့်ဘဝကို ကိုယ် ကျေနပ်အောင် နေရမှာနော်။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ
-------------------------------------------------------------------------------------
“ကင်းမြီးကောက် နှင့် တူသော စိတ်
ကင်းမြီးကောက်ရဲ့ အမြီးမှာရှိတဲ့အဆိပ်က လူကို သေစေနိုင်တယ်။
ယောဂီရဲ့ စိတ်မှာရှိတဲ့ ဝိပဿနာဉာဏ်က ကိလေသာကို သေစေနိုင်တယ်။
သေစေနိုင်တဲ့ သတ္တိချင်း တူလို့ ဝိပဿနာဉာဏ်ဟာ အဆိပ်ပါပဲ။
ဝိပဿနာဉာဏ်တည်းဟူသော အဆိပ်တွေပြည့်နေတဲ့ ဝိပဿနာစိတ်တည်းဟူသော
အမြီးကို ကိုယ့်ဘဝ၊ ကိုယ့်ခန္ဓာမှာ အမြဲအဆင်သင့် ထောင်ထားရပါမယ်။

ကိုယ့်စိတ်ကို ကင်းမြီးကောက်နဲ့ တူတဲ့စိတ်ဖြစ်အောင် အားထုတ်နိုင်ပြီဆိုရင်
ကိလေသာဘေးရန်မှန်သမျှ၊အကုသိုလ် အန္တရာယ်မှန်သမျှ ကင်းရှင်းသွားပါလိမ့်မယ်။
-အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
-------------------------------------------------------------------------------------
“ကုသိုလ်တစ်ခု စွဲမြဲပြု
ကုသိုလ်တစ်ခုကို အနည်းအကျဉ်းမျှဖြစ်သော်လည်း မြဲမြံစွာ ပြုကျင့်ရင် များစွာသောအကျိုးကို ရရှိပါတယ်။ရှေးအခါက အိန္ဒိယနိုင်ငံမှာရှိတဲ့ ဟိမ၀န္တာတာကြီးထဲမှာ ရသေ့ငါးရာ နေထိုင်ခဲ့ပါတယ်။ ဟိမ၀န္တာတောဟာ တိရစ္ဆာန်ပေါင်းစုံ ကျက်စားတဲ့ နေရာတစ်ခုပါ။
သစ်ပင်တောတောင်ထူထပ်စွာနဲ့ အလွန်အေးချမ်းတဲ့နေရာလေးပါ။မနက်မနက်ဆို ငှက်ကလေး တွေ ပျော်မြူးစွာ တေးဆိုကြတယ်။ မျောက်ကလေးတွေ တစ်ပင်မှ တစ်ပင် ကူးလူးပျော်ရွှင်နေကြတယ်။ ပန်းမျိုးစုံ၊ အသီးမျိုးစုံ နဲ့ အေးချမ်းတဲ့ တောရိပ်မြုံပါပဲ။ အပူအပင်ကင်းပြီး ဆိတ်ငြိမ်စွာ နေလို၊ ကျင့်ကြံလိုတဲ့ သူတော်ကောင်းတွေပဲ နေလေ့ရှိပါတယ်။
အလောင်းတော်ဦးစီးတဲ့ ရသေ့ငါးရာဟာ သူ့နေရာနဲ့သူ ကိုယ်စီ တရားအားထုတ်နေခဲ့ကြပါတယ်။ ထူးခြားတဲ့ ရသေ့တစ်ပါးကတော့ မနက်တိုင်းမနက်တိုင်းမှာ ငှက်ကလေးတွေ၊ ယုန်သမင်စတဲ့ တောတိရစ္ဆာန်လေးတွေကို ရေတိုက်လေ့ရှိပါ တယ်။ ရသေ့ဟာ တိရစ္ဆာန်လေးတွေနဲ့ အတူ အပြန်အလှန် ဖြူစင်တဲ့ မေတ္တာဓာတ်တွေနဲ့ နေ့စဉ် ကုသိုလ်ယူခဲ့တယ်။ “တံငါ နားနီး တံငါ ၊မုဆိုးနားနီးမုဆိုးဆိုသလိုပဲ သူတော်ကောင်းတွေအနားမှာ ကျက်စားကြတဲ့အတွက် တိရစ္ဆာန်လေးတွေ ဟာလည်း ယဉ်ကျေးလို့နေပါတော့တယ်။
တစ်ခုသော နွေရာသီမှာတော့ ကံဆိုးစွာပဲ မိုးခေါင်ရေရှားတဲ့ပြဿနာတစ်ခု ကြုံလာ ပါတော့တယ်။ ရသေ့တွေရော တိရစ္ဆာန် လေးတွေပါ ရေအခက်တွေ့ကြရပါတယ်။ သို့ပေမယ့် ရသေ့ဟာ တိရစ္ဆာန်လေးတွေကို သနားတဲ့အတွက် ခက်ခက်ခဲခဲနဲ့ပဲ ရေ အနည်းငယ်ကို တောထဲရအောင်လိုက်ရှာခဲ့တယ်။ ပြီးတော့ သစ်တုံးတစ်တုံးကို ထွင်းပြီး ရေခွက်လုပ်ကာ တောတိရစ္ဆာန် လေးတွေကို နေ့စဉ် တိုက်ခဲ့ပါတယ်။
တိရစ္ဆာန်လေးတွေအတွက် ရေရှာနေရနေရလို့ သူစားဖို့ သစ်သီးသစ်ဥ ရှာရန်ပျက် ကွက်ခဲ့ပါတယ်။ ကိုယ်တိုင်အနစ်နာခံပြီးတော့ တိရစ္ဆာန်လေးတွေ ဒုက္ခမရောက်အောင် စောင့်ရှောက်ခဲ့တယ်။
ဒါကို နားလည် တဲ့ တောတိရစ္ဆာန်လေးတွေဟာ စုရုံးပြီး တိုင်ပင်ကြပါတော့တယ်။
အပေါင်းအသင်းတို့ ကျေးဇူးရှင် သူတော်စင်ရသေ့ဟာ တို့အတွက် ရေရှာနေရတဲ့အတွက် သူစားဖို့ပင် မရှာနိုင်ခဲ့ပါ။
အရမ်းကျေးဇူးကြီးမားလှပါတယ် သူငယ်ချင်းတို့။ သူတော် စင်ကြောင့် တို့အသက်ရှင်ကြရတယ်။ တို့ ဒီတိုင်းနေလို့ မဖြစ်ဘူး။ သူတော်စင်အတွက် သစ်သီးသစ်ဖုတွေ ရှာပေးမှ တော်လိမ့်မယ်။ ဒါကြောင့် ကိုယ်နိုင်သလောက် အသီးသီး သစ်သီး သစ်ဖုရှာဖွေပြီး ယူခဲ့ကြမှ ကောင်းလိမ့်မယ်။ သစ်သီးသစ်ဖုမပါပဲနဲ့ မလာကြပါနဲ့ ဟု သဘောတူ ပြောဆိုကာ အသီးသီး သွားရှာကြလေတော့သည်။
နောက်နေ့မှာတော့ တောတိရစ္ဆာန်အသီးသီး သစ်သီးသစ်ဖု ကိုယ်စီနဲ့ ရှင်ရသေ့အား ပူဇော်ကြလေတော့သည်။ ရသေ့ လည်း အလွန်ကျေးဇူးသိတတ်တဲ့ တိရစ္ဆာန် လေးတွေကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်။
သူတို့ယူလာတဲ့အသီးတွေဟာ သူထင် မကပဲ ရသေ့ငါးရာလုံး သုံးဆောင်လို့ရခဲ့ပါတယ်။ ဒါကို တွေ့မြင်တဲ့ ရသေ့ခေါင်းဆောင်ဟာ ရသေ့အားလုံးရဲ့ရှေ့မှာ ဤကဲ့သို့ ချီးကျူးစကားဆိုလိုက်ပါတယ်။
ကြည့်စမ်းပါဦး ရသေ့တို့၊ ရသေ့တစ်ပါးရဲ့ ကောင်းမူကြောင့် တို့အားလုံးကို တိရစ္ဆာန်တွေက ခုလို သစ်သီးတွေနဲ့ ပေးဆပ်ကြတယ်။ ရသေ့ဟာ သူကိုယ်တိုင် အနစ်နာခံပြီး သူများကောင်းကျိုးကို စွဲမြဲစွာ ပြုလုပ်သောကြောင့် သူလိုအပ်တာထက် ပိုလွန်သော အကျိုးကျေးဇူးတွေကို ရိပ်သိမ်းရတယ်။ ဒါကြောင့် တို့အားလုံး သူလိုပဲ ကောင်းမူတစ်ခုလုပ်တဲ့အခါမှာ စွဲစွဲမြဲမြဲ လုပ်သင့်ကြပေတယ်ဟု ပြောဆို ချီးကျူးလေ၏။
ထို့နောက် ရှင်ရသေ့သည် တရားလည်းအားထုတ်၊ နေ့စဉ် တိရိစ္ဆာန်လေးတွေကို ရေတိုက်ရင်း အေးချမ်းတဲ့ ဘ၀ကို ဖြတ် သန်းခဲ့ပါတယ်။ သေလွန်တဲ့အခါမှာတော့ ဗြဟ္မာပြည်ကို ရောက်ခဲ့ပါတော့တယ်။
-(အမ္ဗဇာတ်)
ဒီဇာတ်တော်မှာ ကုသိုလ်တစ်ခုကို “အာစိဏ္ဏကံ ဖြစ်အောင် စွဲစွဲမြဲမြဲပြုမှု၊ မေတ္တာဓာတ်တွေ အပြန်အလှန်ထားရှိကာ သူ့အကျိုး ကိုယ့်အကျိုးဆောင်ရွက်မှု၊ ငှက်တိရစ္ဆာန်များရဲ့ “ကိုယ့်ပေါ်ပြုဘူး သူ့ကျေးဇူးကို သိရှိကာ ပြန်လည်ပေးဆပ်မူ၊ စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်ရှိမူ စတာတွေကို သိရှိခံစားရပါတယ်။
လူရယ်လို့ဖြစ်လာလျှင် ဘ၀မှာ ဘယ်လိုနေထိုင်ကျင့်သုံးသင့်သလဲ ဆိုတာကို ညွန်ပြပါတယ်။ အေးချမ်းတဲ့ဘ၀တစ်ခု တည်ဆောက်ဖို့ အထက်ပါ သင်ခန်းစာများ မဖြစ်မနေလိုအပ်ပါတယ်။
ကုသိုလ်ပဲပြုပြု၊ အလုပ်တစ်ခုခုကိုပဲ လုပ်လုပ် မေတ္တာအခြေခံပြီး စွဲစွဲမြဲမြဲ လေးလေးစားစား လုပ်ဖို့လိုပါတယ်။ တစ်ယောက်တည်းနေနေတာမဟုတ်ဘဲ ပတ်ဝန်းကျင်လူများစွာ၊ သတ္တ၀ါများစွာနဲ့ နေနေကြတဲ့အတွက် အပြန်အလှန်ကူညီရိုင်းပင်းမူ၊ ကျေးဇူးပြုမူလည်းရှိရမယ်။ အချင်းချင်းကွဲပြားစေမယ့် အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေ မပြုလုပ်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မူရှိစွာနဲ့ ညီညီညွတ်ညွတ် နေထိုင်ကြရပါမယ်။ ဒါဆိုရင်တော့ “အင်မတန်အေးချမ်းတဲ့လူ့အဖွဲ့အစည်း ဖြစ်လာမှာပေါ့။
ဒီနေရာမှာ မေတ္တာစွမ်းအားကြီးမားတာကိုလည်း တွေ့ရပါတယ်။ လူနဲ့ တိရိစ္ဆာန် စကားမတူတဲ့အတွက် နားမလည်သော်လည်းပဲ မေတ္တာရဲ့သဘောကို အပြန်အလှန်သိရှိကြပါတယ်။ မေတ္တာမှာ ကြားခံဘာသာစကားမလိုပါဘူး။ တစ်ကယ်အပြန် အလှန် မေတ္တာထားတယ်ဆိုရင် အလိုလိုသိကြပါတယ်။ အသိဥာဏ်နည်းတဲ့ တိရစ္ဆာန်လေးတွေတောင် မေတ္တာသဘောနားလည်ပြီးပြန်လည်ကျေးဇူးပြုသေးရင် အသိဥာဏ်ရှိတဲ့ လူများအနေဖြင့် ပိုပြီးတော့ နားလည်တုံပြန်သင့်တာပေါ့။
ဒါကြောင့် စာဖတ်သူများအားလုံး ဒီဇာတ်တော်ကပေးတဲ့ ဘ၀နေထိုင်မူနည်းလမ်းလေးများကို နားလည်ရယူပြီး အလုပ်တစ်ခု၊ ကုသိုလ်တစ်ခုကို မေတ္တာနဲ့ယှဉ်ပြီး စွဲစွဲမြဲမြဲ ပြုလုပ်ပါ။ ကျေးဇူးတရားကို နားလည်သိတတ်ပြီး ကျေးဇူးဆပ်ပါ။ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ သင့်တင့်အောင်နေထိုင်ပါလို့ တိုက်တွန်းပါတယ်။
- ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
-------------------------------------------------------------------------------------
“ကိုယ်ချင်းစာစိတ်နှင့် ဖေးမ
••••••••••••••••••••••••••••••••
ပုထုဇဉ်တွေနဲ့ပဲ အများအားဖြင့် နေကြရတာဆိုတော့ ပုထုဇဉ်ဆိုတာကလည်း “မောဟမကင်းသေးလို့ ၊သဘောမကျစရာတွေ အများကြီး တွေ့မှာပေါ့။
ကိုယ်ဟာကိုယ်တောင် သဘောမကျစရာတွေ အများကြီးပဲ။
ပုထုဇဉ်ရဲ့ မကောင်းတဲ့ အမူအရာဆိုတာမောဟ ဦးစီးတဲ့ ကိလေသာရဲ့အကျိုးဆက်တွေပဲ။ မိမိနဲ့ ကိုယ်ချင်းစာပြီးတော့ သည်းခံခွင့်လွှတ်နိုင်တဲ့အင်အားရှိမှ၊ “မေတ္တာ နေရာယူနိုင်မှာ။ဒါကြောင့် . . . သည်းခံခွင့်လွှတ် အနစ်နာခံသဘောထားကြီးနိုင်တဲ့ “ခန္တီ လည်းသူတော်ကောင်းလမ်းစဉ်ပဲ။
သနားကြင်နာ “ကိုယ်ချင်းစာ တတ်တဲ့ကရုဏာ တရားလည်း သူတော်ကောင်းလမ်းစဉ်ပဲ။သူများပိုင်တဲ့ အခွင့်အရေးကို မကျူးကျော်၊ မနှောင့်ယှက်ရဘူး။ဖေးမကူညီ စောင့်ရှောက် ပေးရမယ်။
-တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး
-------------------------------------------------------------------------------------
တရားတယ် ၊ မတရားဘူး ဆိုတာ သိတဲ့ဉာဏ် မင်းမှာ ရှိပါတယ်။
အဲဒီ “အသိဉာဏ် ကို မလေးစားရင် မင်းကိုယ်မင်း မလေးစားဘူး လို့ ဆိုရမယ်။ မင်းကိုယ်မင်း မလေးစားရင် မင်းဘဝဟာ ဘာအဓိပ္ပါယ် ရှိသေးသလဲ။ဘဝမှာ “အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်ချင်တယ် ဆိုရင် ကိုယ့်ကိုယ်ကို
လေးစားနိုင်တဲ့လူ တစ်ယောက် ဖြစ်အောင်နေဖို့ လိုတယ်။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ တွေးမိတိုင်းပျော်တယ် မှ -
-------------------------------------------------------------------------------------
မိုက်သောသူသည် အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး၊
ထိုမျှလောက် မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏၊
အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏၊ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။
- ဗုဒ္ဓ (ဓမ္မပဒ )
-------------------------------------------------------------------------------------
ညှစ်ပြီးစနို့ရည်သည် မူလသဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုသည်
(ရုတ်တရက်) အကျိုးမပေးသေး၊ (အကျိုးပေးသောအခါ) ပြာဖုံးသော မီးခဲကဲ့သို့ သူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။
- ဗုဒ္ဓ (ဓမ္မပဒ )
The effect of an evil deed, like newly drawn milk does not turn at once, it follows the foolish one like smoldering fire covered with ashes. - ( Dhammapada)
-------------------------------------------------------------------------------------
" သူတော်ကောင်းအလှူ ငါးမျိုး - "
အလှူဒါနအမျိုးမျိုး-သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။
၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။
(၁) သဒ္ဓါဒါန
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသော အသုံးအဆောင်ရှိ၏။ ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။ လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။
(၂) သက္ကစ္စဒါန
လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသော အသုံးအဆောင်ရှိ၏။ သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။ တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။
[လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။]
(၃) ကာလဒါန
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသော အသုံးအဆောင်ရှိ၏။အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။ လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။
[အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။]
(၄) အနုဂ္ဂဟိတဒါန
အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသော အသုံးအဆောင်ရှိ၏။ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။[အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။
အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။]
(၅) အနုပဟစ္စဒါန
မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။ များသော အသုံးအဆောင်ရှိ၏။ မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။ အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။
[မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။]
(ဆောင်ပုဒ် - သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ ချီးမြှောက်ဘိလျက်၊မထိမပါး၊ ပေးလှူငြား၊ ငါးပါး သပ္ပုရိသ မြတ်ဒါန။)
-------------------------------------------------------------------------------------
အကောင်းအဆိုး၊ အမှားအမှန် ဆိုတဲ့ ဝေဖန်ချက်တော်တော်များများဟာ ကိုယ့်ဘက်ကို ကိုယ်လိုသလိုဆွဲပြီး တွေးကြတာများပါတယ်။
တကယ်ဘက်မလိုက်ဘဲနဲ့ မျှမျှတတမြင်နိုင်တဲ့သူ ရှားပါတယ်။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ
-------------------------------------------------------------------------------------
လူတွေဟာ “ပါးစပ် က ရိုးသားပါတယ်လို့ ဘယ်လိုပင် ပြောပြော...သူ့လုပ်ရပ် ကို ကြည့်ပြီး ဒီလူဟာ “ရိုးသားလား
မရိုးသားဘူးလား ဆိုတာကို အကဲခတ်လို့ရတယ်။ ခန့်မှန်းလို့ ရတယ်ပေါ့။
စိတ်ဓာတ် က “လုပ်ရပ်ကို ပုံဖော်ပေးသလို လုပ်ရပ်ကလည်း “စိတ်ဓာတ်ကို ပုံဖော်ပေးတယ်။
ဒါဟာ . . . ကိုယ် နဲ့ စိတ် တို့ရဲ့ကျွန်းကိုင်းမှီ ၊ ကိုင်းကျွန်းမှီ သဘောပါပဲ။
-ဌေး သာမဏေကျော်ဆရာတော်
-------------------------------------------------------------------------------------
ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ထားနဲ့ အရည်အချင်းမြင့်လာအောင် တတ်နိုင်သလောက်လုပ်ပါ။
အားလုံး စိတ်ထားမြင့်လာရင် အားလုံးအတွက် ကောင်းပါတယ်။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ
-------------------------------------------------------------------------------------
“စိတ်ဆင်းရဲတာ ဘာကြောင့်လဲ
တချို့ စိတ်ဆင်းရဲမှုတွေဟာတွေးလို့ ဖြစ်ရတာပါ။  တွေးတာက ကြာလာရင် အကျင့်ပါသွားတတ်ပါတယ်။
ဒါကြောင့် စိတ်ဆင်းရဲစရာတစ်ခု တွေးမိလိုက်တာနဲ့ တွေးတယ် “တွေးတယ် လို့ မှတ်ချလိုက်ပါ။
တွေးတယ် “တွေးတယ်လို့ သိချလိုက်ပါ။ မှတ်ရတာ ကိုယ့်အတွက် သိပ်ခက်နေရင်လည်း
နမော တဿ ကို အားရလောက်အောင် ပွားချပစ်လိုက်ပါ။ မတွေးမိအောင်လည်း အကျင့်လုပ်ထားလိုက်ပါ။
သေရင်တောင် အားလုံး ထားခဲ့ရဦးမှာဆိုတော့သေခြင်းတရားနဲ့ ယှဉ်လိုက်ရင် ကျန်တဲ့
စိတ်ညစ်စရာဆိုတာတွေက ဘာမှမဟုတ်တော့ပါဘူး။
-အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)
-------------------------------------------------------------------------------------
“မှန်ကန်သော ဘဝနေနည်း
လူ့အဖြစ်နဲ့နေရစဉ် ချမ်းမြေ့ပျော်ရွှင်စွာ တန်ဖိုးရှိစွာနေထိုင်လိုလျှင် “ဘဝနေနည်းမှန်ကန်ဖို့ လိုပါသည်။
သူတစ်ပါးအားကြည့်၍ အထင်ကြီးခြင်း၊ အထင်သေးခြင်း စသော စိတ်လှုပ်ရှား ၊ခံစားမှုများသည် ငြိမ်းအေးချမ်းမြေ့မှုကို မပေးစွမ်းနိုင်။
ထို့အတူ လူအများ၏ အထင်ကြီးခြင်းကို ခံယူလိုမှု၊ လူအများ၏ အထင်သေးခြင်းမှ ရှောင်ရှားလိုမှုတို့သည်လည်း စိတ်နှလုံးချမ်းမြေ့မှုကို မပေးစွမ်းနိုင်။
မိမိဘာသာ အရှိပကတိအတိုင်းငြိမ်းအေးစွာ၊ ရှင်းသန့်စွာရိုးရိုးလေးနေခြင်းသည်သာ မှန်ကန်သော ဘဝနေနည်း ဖြစ်သည်။
-မိုးညှင်း ဆရာတော်ဘုရားကြီး[စံတော်ချိန် သတင်းစာ]
-------------------------------------------------------------------------------------
_/|\_ (နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)×၃ _/|\_

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ၊

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
အာမဘန္တေပါ၏ဘုရား။
မေတ္တာပို့ ”
♠♠ ♠♠ ♠♠ ♠♠
♦ သတ္တာဝါခပင်း ဆင်းရဲကင်း ပူပြင်းဒုက္ခငြိမ်းပါစေ။
♦ သတ္တဝါခပင်း ရောဂါကင်း ပူပြင်းဘယာငြိမ်းပါစေ။
♦ သတ္တဝါခပင်း စိုးရိမ်ကင်း ပူပြင်းသောကငြိမ်းပါစေ။
♦ ကမ္ဘာနေသူ များဗိုလ်လူ ကြည်ဖြူဟဒယရွှင်ပါစေ။
♦ တရားနာငြား ယောဂီများ ကြီးထွားသမာဓိရှိပါစေ။
♦ ခန္တီတရား လက်ကိုင်ထား ကင်းကွာဒေါသငြိမ်းပါစေ။
♦ မေတ္တာရေချမ်း ပက်ခါဖြန်း အေးချမ်းသာယာရှိပါစေ။
♦ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ လွန်စွာကျန်းမာရှိပါစေ။
♦ နှလုံးစိတ်ဝမ်း ရွှင်ကာလမ်း မနွမ်းထာဝရရှိပါစေ။
♦ အလုပ်ကိုယ်စီ ဘေးမသီ ကြံစီထမြောက်အောင်ပါစေ။
-------------------------------------------------------------------------------------
တိုက်ရိုက်ဖြစ်ချင်ဖြစ်မယ်။ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ချင်ဖြစ်မယ်။အားလုံးဟာ “ကျေးဇူးရှင် တွေပဲ။အကယ်၍ ဒီကမ္ဘာမှာလူတစ်ယောက်မှ မရှိရင် ကိုယ့်လောကဘယ်လိုနေမယ်ထင်တုံး။ တော်တော် အဓိပ္ပါယ်မဲ့သွားလိမ့်မယ်။
အဲဒီ Meaning ကို ကိုယ်က တွေ့ဖို့လိုတာ။ ကိုယ်ကမြင်အောင် ကြည့်တတ်ဖို့လိုတယ်။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ
-------------------------------------------------------------------------------------
 “အလှူဒါနပြုပြီး အမျှဝေပါ
 (က) ဗုဒ္ဓဘာသာမြန်မာတို့သည် အလှူတခုကို နေ့စဉ်ပြုလုပ်လေ့ရှိကြသည်။
အလှူရေစက် လက်နဲ့မကွာ-လှူချင်ကြသူများ ဖြစ်သည်။ အလှူဒါနတခုကိုပြုတိုင်းပြုတိုင်း အလှူဒါနပြုပြီးနောက် ရေစက်သွန်းချအမျှပေးဝေလေ့ရှိကြသည်။ အမျှပေးဝေခြင်းသည် ကောင်းသော အစဉ်မလာဖြစ်သည်။ မိမိပြုလုပ်သည့် ကုသိုလ်ဒါနလည်း လျော့မသွား၊ သာဓုခေါ်သူ အများလည်း မိမိပြုသောကုသိုလ်၏ အဖို့ဘာဂကို အမျှအညီ ရရှိနိုင်ကြပေသည်။ မီးတိုင်တခုမှ ဆင့်ပွားကူးစက်၍အခြား မီးတိုင်များစွာ အလင်းရောင်ရကြပုံကို ကျမ်းဂန်တို့၌ ဥပမာပေးပါသည်။
ကောင်းပြီ...အလှူဒါနပြုပြီးနောက် ရေစက်သွန်းချ အမျှဝေရာ၌ သမန်ကာလျှံကာ အမျှပေးဝေခြင်းသည် ရည်ရွယ်သူရှိပါက ထိရောက်မှု မရှိနိုင်ပေ။ အမှန်အားဖြင့် အမျှပေးဝေတော့မည်ဆိုလျှင် မိမိအဓိကရည်ရွယ်သူကို နာမည်ခေါ်၍ ကြိုတင်ဖိတ်ကြားထားရမည်။ကြိုတင်၍ ဖိတ်မန္တကပြုထားမှ ရည်ရွယ်သူလည်းကြားရာအရပ်က ရောက်ရှိလာပြီး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပေလိမ့်မည်။
ဤတွင် အမျှအတန်းပေးဝေကြရာ၌ ရည်ရွယ်သူမှာ တဦးတည်းဖြစ်နိုင်သည်။ အများလည်း ဖြစ်နိုင်သည်။မည်သို့ပင်ဖြစ်စေ ...အဓိကရည်ရွယ်သူကို ဖိတ်ကြားဖို့တော့ မမေ့အပ်ချေ။ဤကိစ္စများနှင့်ပတ်သက်၍ သာဓကပြုရန် ဤဆောင်းပါးကို ရေးသားအပ်ပါသည်။ ဆက်လက်ဖတ်ရှုကြပါ။

(ခ) ပြိတ္တာမ၏ ကိုယ်ခန္ဓာသည် အဝတ်အစားဟူ၍ တလက်မမျှ မရှိပါ။ နံရိုးများ အပြိုင်းပြိုင်းပေါ်လျက်ရှိပါသည်။ အကြောများမှာ သစ်ခြောက်ပင်တွင် တွယ်ကပ်နေသော နွယ်ပင်များနှင့်တူလှသည်။ အစားအသောက် အဝတ်အစားချို့တဲ့လျက်ရှိသည်။ အစားအစာကို စိုးစဉ်းမျှ စားရဟန် မတူ။
သင်သည် ဘယ်ဒေသ၊ ဘယ်အမျိုးအနွယ်ဖြစ်၍ ငါ၏ရှေ့မှောက်တွင် လာရောက်၍ ကိုယ်ထင်ရှားပြလေသနည်း?အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက “ ပြိတ္တာမ ”ကို မေးမြန်းလိုက်သည်။
အရှင်ဘုရား တပည့်တော်မသည် ရှေးလွန်လေပြီးသော ၅-ဘဝက အရှင်ဘုရား၏ မိခင် ဖြစ်ခဲ့ပါတယ်ဘုရား။သို့ပေမယ့် ယခုတော့ အရှင်ဘုရား မြင်တော်မူတဲ့အတိုင်း နံရိုးပြိုင်းပြိုင်းနဲ့ အဝတ်အစားလည်းမပါ၊ ငတ်ပြတ်၍နေပါသည်ဘုရား။
ပြိတ္တာမကြီးက သူမ၏ဘဝဖြစ်ကြောင်းကုန်စင်ကို မထေရ်မြတ်အား ဆက်လက်လျှောက်ထားလေတော့သည်။
ဆက်လက်ပြီး နားဆင်တော်မူပါဘုရား...
လွန်သော ၅-ဘဝက အရှင်ဘုရား၏ မယ်တော်ကြီး(အမေ) ဖြစ်ခဲ့သော်လည်း တပည့်တော်မ ပြုမိခဲ့သည့် အကုသိုလ်ကံတရားကြောင့် ယခုဘဝမှာ အချိန်မလပ် ဆင်းရဲဒုက္ခကြီးစွာခံစားရကာ ငတ်ပြတ်နေရပါသည်ဘုရား။
လူသူအများ စွန့်ပစ်ထားတဲ့ တံတွေး၊ နှပ်၊ ချွဲသလိပ်ပုပ်များ၊လူသေကောင်များကို မီးရှို့တဲ့အခါ စီးကျလာတဲ့ အဆီတွေ၊ သားဖွားမိခင်များထံမှ ထွက်ကျလာတဲ့ သွေးပုပ်၊ ပြည်ပုပ်၊ အညစ်အကြေးများကိုသာ ဆာလောင်ပြင်းပြမှုကြောင့် မရွံမရှာ စားသောက်နေရပါတယ်ဘုရား။နေစရာလည်းမရှိ၍ သုဿာန်မှာ နေရပါတယ်ဘုရား။ ဆက်လက်၍လျှောက်ထားပါရစေဘုရား ရွှေနားဆင်တော်မူပါဘုရား၊
သားတော်ကြီး အရှင်မြတ်ဘုရား...တပည့်တော်မအတွက် ရည်စူးပြီး လှူဒါန်းပေးကမ်းမှုများ ပြုပေးတော်မူပါ။ အလှူဒါနပြုပြီးနောက်တွင်လည်း အလှူဒါန၏ အဖို့ဘာဂကို တပည့်တော်မအား အမျှဝေပေးပါဘုရား။ ဤသို့ အရှင်မြတ်ကြီးက ပြုလုပ်ပေးပါလျှင် တပည့်တော်မသည် သွေးပုပ်၊ ပြည်ပုပ်နဲ့ အညစ်အကြေးမှန်သမျှကို စားသောက်နေရသောဘဝမှ ကင်းလွတ်ပါလိမ့်မည်ဘုရား။
(ဂ) အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် မယ်တော်ကြီးဖြစ်ခဲ့ဖူးသော ပြိတ္တာမ၏ ဆင်းရဲဒုက္ခကို ကယ်တင်ရန် စီစဉ်လေတော့သည်။
နောက်တနေ့တွင် မထေရ်မြတ်ကြီးသည် အရှင်မောဂ္ဂလာန် စတဲ့မထေရ်သုံးပါးကို ခေါ်ဆောင်ပြီး ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရထံ အကူအညီတောင်းခံရလေသည်။ အကူအညီမှာ အဆောက်အအုံဒါန၊ သင်္ကန်းဒါန၊ ဆွမ်းဒါန စသည်များအတွက် စီစဉ်ပေးရန်ဖြစ်သည်။
မင်းကြီးသည် ကျွမ်းကျင်သောအမတ်တဦးကို ဦးဆောင်စေပြီးမြို့ တွင်း မြို့ ပြင် နှစ်ဌာန၌ ကျောင်းငယ်လေးဆောင်စီ (အာဝါသဒါန)ဆောက်လုပ်ခိုင်းသည်။ မင်းကြီးကိုယ်တိုင်လည်း ကြွရောက်ကာ လိုအပ်သည်များကို ညွှန်ကြားပြုလုပ်စေခဲ့သည်။
ကျောင်းဆောင် ရှစ်ဆောင် ဆောက်လုပ်ပြီးသောအခါ စားဖွယ်သောက်ဖွယ် ခဲဘွယ်ဘောဇဉ်နှင့် သင်္ကန်းစသော ပရိက္ခရာများ လှူရန် အဆင်သင့်စီမံထားလေသည်။ အလုံးစုံပြီးစီးသောအခါ ဗိမ္ဗိသာရမင်းကြီးသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးထံ လွှဲပြောင်းအပ်နှံလိုက်သည်။
မထေရ်မြတ်ကြီးသည် စတုဒ္ဒိသာ အရပ်လေးမျက်နှာမှ ကြွလာကြကုန်သော ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတို့အား မိခင်ဖြစ်ခဲ့ဖူးသော ပြိတ္တာမကြီးအား ရည်စူး၍ လှူဒါန်းလေတော့သည်။ မိခင်ဟောင်း ပြိတ္တာမကြီးကိုလည်း ကောင်းစွာဖိတ်ကြားပြီး အမျှပေးဝေသည်။ ပြိတ္တာမကြီးကလည်း သာဓုသုံးကြိမ်ခေါ်သည်။ အလှူဒါန အဖို့ဘာဂကို သာဓုခေါ်၍ အမျှရရှိသဖြင့် ပြိတ္တာမကြီးဘဝမှ လွတ်မြောက်ပြီး နတ်သမီးဖြစ်သွားသည်။
ပြိတ္တာမကြီးသည် အလှူဒါန၏ အဖို့ဘာဂကို ရရှိသဖြင့် နတ်သမီးဖြစ်ကာ နတ်ဝတ်နတ်စားတို့၏ အသုံးအဆောင်၊ဥယျာဉ်၊ ရေကန်၊ ဘုံဗိမာန်တို့ကို ပြည့်စုံစွာဖြင့် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ နေရလေတော့သည်။
(ဃ) မယ်တော်ကြီး၏ ပြိတ္တာမ ဖြစ်ရခြင်းမှာ ရှေးအတိတ်အကုသိုလ်ကံကြောင့် ဖြစ်သည်။ရှေးအတိတ်ဘဝက ဗာရာဏသီပြည်မှ သူဌေးတဦး၏ ဇနီးမယား ဖြစ်ခဲ့သည်။ သူဌေးသည် သာသနာကို ကြည်ညိုသူဖြစ်၍ ရဟန်းသံဃာ၊ အလှူခံပုဂ္ဂိုလ်များအား အလှူဒါနပြုလေ့ရှိသည်။ ဇနီးကတော့ အလှူဒါနပြုရန် ဝါသနာမပါ။ တနေ့မှာ သူဌေး ခရီးသွားစရာရှိသဖြင့် မယားအား အလှူဝတ်များ ပြုလုပ်ရန် မှာကြားထားခဲ့သည်။
သို့ရာတွင် ဇနီးဖြစ်သူသည် အလှူဒါနပြုရန် ဝါသနာမပါသူဖြစ်၍ ဒါနဝတ်များကို ဖျက်ဆီးပစ်လေ၏။ ခရီးသွားဧည့်သည်များ ရောက်လာလျှင် ဇရပ်ကောင်းမှာ မထားဘဲ “ဇရပ်ပျက်မှာသာ ထားသည်။ ရောက်လာသမျှသော အလှူခံပုဂ္ဂိုလ်များကိုလည်းသင်တို့ ကျင်ကြီး ကျင်ငယ်ကိုသာ စားသောက်ကြ၊ သွေးပုပ်၊ ပြည်ပုပ်၊ နှပ်၊ တံတွေးတို့ကိုသာ စားသောက်ကြ။
သင်တို့မိခင်၏ ဦးနှောက်ကိုသာ ဖောက်စားကြစသော မဖွယ်မရာ စကားများကို ပြောဆိုကာ ကျိန်ဆဲလွှတ်သည်။
ဇနီး၏ ဝစီကံကား ကြောက်မက်ဖွယ်ကောင်းလေစွ။
ထို့ကြောင့် “ဝစီဘေဒ ထိတိုင်းရှ ဆိုကြခြင်း ဖြစ်သည်။ ယင်းသည့် အကုသိုလ်ကံတွေကြောင့် သေလွန်သောအခါ
စားရမဲ့၊ သောက်ရမဲ့၊ အဝတ်မဲ့၊ နေစရာမဲ့သော ပြိတ္တာမကြီး ဖြစ်ရလေတော့သည်။ သို့ဖြင့် ၅-ဘဝက
သားတော်စပ်ခဲ့သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးထံ ချဉ်းကပ် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ပေသည်။
အကုသိုလ် ဒုစရိုက်မှန်သမျှ ရှောင်ကြဉ်ကြရမည်။ကုသိုလ်ကောင်းမှုမှန်သမျှ ပြုလုပ်ကြရမည်။စိတ်ကောင်း စိတ်မြတ်များ ထားရှိကြရမည်။
နမော သမ္မာသမ္ဗုဒ္ဓဿ-မုံရွာ-နေဇာ(သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထုကို ရေးဖွဲ့သည်)(ဂမ္ဘီရ ၂၀၀၆-ခု ဧပြီလ)
-------------------------------------------------------------------------------------
“ကုသိုလ်ဆွေမျိုး အားကိုးပါ
သံသရာရှည်တဲ့  
လောဘ ကျင်ကြီးထုပ်တွေ၊
ဒေါသ မီးတုတ်ကြီးတွေ၊
မောဟ အိုးမည်းကြီးတွေကို ထမ်းမဝင်ကြနဲ့။
သံသရာ တိုစေတဲ့
အလောဘ ဒါနထုပ်ကြီးတွေ၊
အဒေါသ မေတ္တာထုပ်ကြီးတွေ၊
အမောဟ ပညာထုပ်ကြီးတွေ   ထမ်းဝင်ရွက်ဝင်နိုင်အောင် လုပ်ကြပါ။
သေတော့ လက်ချည်းပါပဲ။
လူဆွေမျိုးတွေက ကျန်ခဲ့ကြမှာပါ။
ကုသိုလ်ဆွေမျိုးကသာ အားကိုးရပါမယ်။
-နဝဓုတင်္ဂါစာရ ဆရာတော်ဘုရားကြီး
-------------------------------------------------------------------------------------
မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ် မရှိ။
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ် မရှိ။
ဒေါသစိတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို ရှာကြည့်လျှင် အကုသိုလ်လည်းဖြစ်သည်။
စိတ်လည်းဆင်းရဲသည်။ အရုပ်လည်း ဆိုးသည်။ စီးပွားလည်းပျက်သည်။ အပါယ်သို့လည်း ကျသည်။
မေတ္တာဓါတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကို ရှာကြည့်လျှင် ကုသိုလ်လည်းဖြစ်သည်။ စိတ်လည်း ချမ်းသာသည်။
ရုပ်လည်း လှသည်။ စီးပွားလည်း တက်သည်။ နိဗ္ဗာန်သို့လည်း ရောက်သည်။
မေတ္တာရှင်(ရွှေပြည်သာ)
-------------------------------------------------------------------------------------
“ ယောဆရာတော်ဘုရားကြီး မေတ္တာပို့ ”
  လူတွေအားလုံး စိတ်ကောင်းထားလို့
- စာနာထောက်ထား သနားညှာတာတတ်ကြပါစေ၊
- မေတ္တာတရား ရှိကြပါစေ။
ဘယ်သူမဆို သတ္တ၀ါအားလုံး -
- ကောင်းတာ တွေ့ကြပါစေ။
- ဘေးရန်ကင်းကြပါစေ၊ ကြောင့်ကြကင်းကြပါစေ၊
- ဆင်းရဲကင်းကြပါစေ၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊
- အဆိုးကင်းကြပါစေ၊ အကောင်းပြည့်စုံကြပါစေ၊
- အဆိုးနိုင်ကြပါစေ၊ အကောင်းပိုင်ကြပါစေ။ ”
-ကျေးဇူးတော်ရှင် တိပိဋကဓရ ယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ
-------------------------------------------------------------------------------------
ဗုဒ္ဓမြတ်စွာဘုရားက “ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။
ကောင်းသော ရက်၊လ၊ နှစ် တွေ ဖြစ်လာအောင် ဆိုရင်
နံနက်ခင်းမှာ ♦ အပြစ်ကင်းတဲ့ “အတွေးတွေတွေးမယ်၊ ♦ အပြစ် ကင်းတဲ့ “အပြောတွေပြောမယ်၊ ♦ အပြစ်ကင်းတဲ့ “အလုပ်တွေလုပ်မယ်။
ဆိုလိုတာက မနက်ခင်းမှာ ကာယသုစရိုက်၊ ၀စီသုစရိုက်၊မနောသုစရိုက် ဆိုတဲ့ အကျင့်တရားတွေ ကျင့်ကြံကြိုးကုတ်
အားထုတ်မယ်ဆိုရင် အဲဒီနံနက်ခင်းဟာ ကောင်းသောနံနက်ခင်းပါ။
နေ့လည်ခင်းမှာ ကောင်းတာပြောတယ်၊ ကောင်းတာတွေးတယ်၊ ကောင်းတာလုပ်တယ် ဆိုလို့ရှိရင်လည်း “ကောင်းသော နေ့လည်ခင်းဖြစ်ပါတယ်။
ညနေခင်းမှာလည်းပဲ အပြစ်ကင်းတဲ့ အတွေးတွေတွေးတယ်၊ အပြစ်ကင်းတဲ့စကားတွေ ပြောတယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်လို့ရှိရင် ကောင်းသောညနေခင်း ဖြစ်ပါတယ်။
အဲဒါကြောင့်မို့လို့ “ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်အဖို့ ဘယ်တော့ဖြစ်ဖြစ် “နက္ခတ်က အကောင်းပါပဲ။ အဆိုးမရှိပါ။
သို့သော် . . . လူတွေက “အကောင်းအဆိုးဆိုတာ နက္ခတ်ကိုပဲ သွားရှာကြတယ်။ ဗေဒင် သွားမေးကြတယ်။ ကိုယ့်ရင်ထဲကအရာကိုတော့ မေ့နေကြပါတယ်။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါ။
ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ လောဘတွေ၊ ဒေါသတွေ၊ မာန်မာနတွေ၊ ဣဿာတွေကိုတော့အကောင်းထင်နေကြပါတယ်။
လောကမှာ လူဆိုးဖြစ်တယ်၊ ရာဇ၀တ်မှုကို ကျူးလွန်တယ်ဆိုတဲ့ လူတွေဟာ သူ့စိတ်ကပဲ ကျူးလွန်တာပါ။
သူ့သန္တာန်မှာဖြစ်တဲ့ “အကုသိုလ်တရားတွေက ဒီအလုပ်ကို လုပ်စေတာပါ။
ဆွဲခေါ်သွားတာက ကိုယ့်ရင်ထဲဖြစ်တဲ့ လောဘ၊ ဒေါသတွေက ဆွဲခေါ်သွားတာပါ။ ခံရတော့လည်း ကိုယ်ပဲခံရတာပါ။
အဲဒါကြောင့်မို့ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ အရာတွေဟာ၊ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ မကောင်းတဲ့ သဘောထားတွေဟာ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။
အပါယ်ငရဲဆိုတာ အပြင်ကလာမချဘူး။ ကိုယ်လုပ်တော့ ကိုယ်ကပဲချတာပါ။ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရားတွေက အပါယ်ချတာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ နည်းအောင် ဂရုစိုက်ဖို့လိုပါတယ်။ အဲဒီလို လောဘ၊ ဒေါသ၊ မောဟတွေနည်းအောင် ကြိုးစားတဲ့အချိန်ဟာသုနက္ခတ္တံကောင်းသောနက္ခတ်ပါပဲ။ ကိုယ့်အတွက် “သုမင်္ဂလံ မင်္ဂလာအရှိဆုံးအချိန်ပါ။
စိတ်ဆိုးနေတဲ့အချိန်ဟာ “မင်္ဂလာမရှိပါ။ စိတ်မဆိုးဘူး။ “ မေတ္တာဘာဝနာ ပွားနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်မြတ် ရှိနေတယ်၊ မိတ်ဆွေမပျက်ဘူးဆိုရင် “မင်္ဂလာရှိတဲ့အချိန် ပါပဲ။
ဒါကြောင့်မို့ မနက်မိုးသောက် အလင်းရောက်တဲ့အချိန်မှာဖြစ်စေ၊ နေ့လယ်အခါမှာဖြစ်စေ၊ညနေအခါမှာဖြစ်စေ၊
မြတ်စွာဘုရား ဟောကြားထားတဲ့ လမ်းစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်သွားကြမယ် ဆိုရင်ကောင်းသောနံနက်ခင်း၊ ကောင်းသောနေ့လယ်ခင်း၊ ကောင်းသောညနေခင်း ဆိုတဲ့ အချိန်ပိုင်းတွေနဲ့ကြုံတွေ့ပြီးတော့ ကောင်းသောဘ၀ကြီးတစ်ခုလုံးကိုဖြတ်သန်းပြီးနောက်ဆုံးမှာ သံသရာဝဋ်ကလွတ်မြောက်တဲ့ “နိဗ္ဗာန်ချမ်းသာသုခကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီး “ ပုဗ္ဗဏှသုတ် ”လာ ကျင့်စဉ်အတိုင်း မိမိဘ၀ တိုးတက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင် ကြပါစေ ကုန်သတည်း။ ။
-ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
-------------------------------------------------------------------------------------
“ကောင်းသော ရက်၊ လ၊ နှစ်၊ တွေဖြစ်လာအောင်ဆိုရင်. . .”
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဗုဒ္ဓမြတ်စွာဘုရားက “ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။
ကောင်းသော ရက်၊လ၊ နှစ် တွေ ဖြစ်လာအောင်ဆိုရင်
နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ် ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်မယ်။ ဆိုလိုတာက မနက်ခင်းမှာ ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက်ဆိုတဲ့ အကျင့်တရားတွေ ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် အဲဒီနံနက်ခင်းဟာ “ကောင်းသောနံနက်ခင်းပါ။
နေ့လည်ခင်းမှာ ကောင်းတာပြောတယ်၊ ကောင်းတာတွေးတယ်၊ ကောင်းတာလုပ်တယ် ဆိုလို့ရှိရင်လည်း “ကောင်းသော နေ့လည်ခင်းဖြစ်ပါတယ်။
ညနေခင်းမှာလည်းပဲ အပြစ်ကင်းတဲ့ အတွေးတွေတွေးတယ်၊ အပြစ်ကင်းတဲ့စကားတွေ ပြောတယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်လို့ရှိရင် ကောင်းသောညနေခင်း ဖြစ်ပါတယ်။
အဲဒါကြောင့်မို့လို့ “ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်အဖို့ ဘယ်တော့ဖြစ်ဖြစ် “နက္ခတ်က အကောင်းပါပဲ။ အဆိုးမရှိပါ။
သို့သော် . . .
လူတွေက “အကောင်းအဆိုးဆိုတာ နက္ခတ်ကိုပဲ သွားရှာကြတယ်။ ဗေဒင် သွားမေးကြတယ်။ ကိုယ့်ရင်ထဲကအရာကိုတော့ မေ့နေကြပါတယ်။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါ။
ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ လောဘတွေ၊ ဒေါသတွေ၊ မာန်မာနတွေ၊ ဣဿာတွေကိုတော့ အကောင်းထင်နေကြပါတယ်။
လောကမှာ လူဆိုးဖြစ်တယ်၊ ရာဇ၀တ်မှုကို ကျူးလွန်တယ်ဆိုတဲ့ လူတွေဟာ သူ့စိတ်ကပဲ ကျူးလွန်တာပါ။ သူ့သန္တာန်မှာဖြစ်တဲ့ “အကုသိုလ်တရားတွေက ဒီအလုပ်ကို လုပ်စေတာပါ။ ဆွဲခေါ်သွားတာက ကိုယ့်ရင်ထဲဖြစ်တဲ့ လောဘ၊ ဒေါသတွေက ဆွဲခေါ်သွားတာပါ။ ခံရတော့လည်း ကိုယ်ပဲခံရတာပါ။
အဲဒါကြောင့်မို့ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ အရာတွေဟာ၊ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ မကောင်းတဲ့ သဘောထားတွေဟာ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။
အပါယ်ငရဲဆိုတာ အပြင်ကလာမချဘူး။ ကိုယ်လုပ်တော့ ကိုယ်ကပဲချတာပါ။ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရားတွေက အပါယ်ချတာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ နည်းအောင် ဂရုစိုက်ဖို့လိုပါတယ်။ အဲဒီလို လောဘ၊ ဒေါသ၊ မောဟတွေနည်းအောင် ကြိုးစားတဲ့အချိန်ဟာသုနက္ခတ္တံကောင်းသောနက္ခတ်ပါပဲ။ ကိုယ့်အတွက် “သုမင်္ဂလံ မင်္ဂလာအရှိဆုံးအချိန်ပါ။

စိတ်ဆိုးနေတဲ့အချိန်ဟာ “မင်္ဂလာမရှိပါ။ စိတ်မဆိုးဘူး။ “ မေတ္တာဘာဝနာ ပွားနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်မြတ် ရှိနေတယ်၊ မိတ်ဆွေမပျက်ဘူးဆိုရင် “မင်္ဂလာရှိတဲ့အချိန် ပါပဲ။
ဒါကြောင့်မို့
မနက်မိုးသောက် အလင်းရောက်တဲ့အချိန်မှာဖြစ်စေ၊ နေ့လယ်အခါမှာဖြစ်စေ၊ညနေအခါမှာဖြစ်စေ၊မြတ်စွာဘုရား ဟောကြားထားတဲ့ လမ်းစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်သွားကြမယ် ဆိုရင်ကောင်းသောနံနက်ခင်း၊ ကောင်းသောနေ့လယ်ခင်း၊ ကောင်းသောညနေခင်း ဆိုတဲ့ အချိန်ပိုင်းတွေနဲ့ကြုံတွေ့ပြီးတော့ ကောင်းသောဘ၀ကြီးတစ်ခုလုံးကိုဖြတ်သန်းပြီးနောက်ဆုံးမှာ သံသရာဝဋ်ကလွတ်မြောက်တဲ့ “နိဗ္ဗာန်ချမ်းသာသုခကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီး “ ပုဗ္ဗဏှသုတ် ”လာ ကျင့်စဉ်အတိုင်း မိမိဘ၀ တိုးတက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင် ကြပါစေ ကုန်သတည်း။ ။
[၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၈ ရပ်ကွက်၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော ပုဗ္ဗဏှသုတ် အနှစ်ချုပ် တရားတော်မှကောက်နုတ်ရေးသားပူဇော်ပါသည်။]
-------------------------------------------------------------------------------------
“မချစ်ချင်ပါနဲ့
•••••••••••••••••
ချစ်ခြင်းအတွက် “သောကသည် လက်ဆောင်ဖြစ်၏ ။
ချစ်ရသူတိုင်း “ပူလောင်ရခြင်း ကို လက်ခံရ၏။
ချစ်ရသူတိုင်း “စိတ်ဆင်းရဲမှု ကို ရင်ဝယ်ပိုက်ထားရ၏။
ချစ်ရသူတိုင်းအတွက် ငိုကြွေးရခြင်းသည် ထပ်တူအပြုခံရ၏။
ချစ်သူကြောင့် “ပျော်ရွှင်ရသည ဆိုသည်မှာ တခဏ၊
ချစ်သူကြောင့် “ကြည်နူးရသည် မှာတခဏ၊
တစ်ခဏအတွက် ထာဝရမျက်ရည်။
ပီယတော ဇာယတေ သောကော
-အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)
-------------------------------------------------------------------------------------
အဖေါ်မဲ့နေတာကို ဖြေပျောက်ဖို့
စိတ်ကို လမ်းလွှဲတဲ့နည်းတွေကလည်း အခုခေတ်မှာ ပိုများတယ်။ ဟိုလည် ဒီလည်၊ ဟိုသွား ဒီသွား၊ ခရီးသွားကြတာလည်း ပါတယ်နော်။ သူများကိုယ့်ကိုသဘောကျအောင်၊ အာရုံစိုက်အောင် ၊လက်ခံအောင်၊ ကျေနပ်အောင် လုပ်ကြကိုင်ကြတာလည်း ပိုများလာတယ်။
ကိုယ့်ကို သူများ အာရုံစိုက်တယ်ဆိုရင် ကိုယ့်ရဲ့ အဖေါ်မဲ့နေတဲ့ ခံစားမှု နဲနဲသက်သာသလို ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ကို ခဏလောက်
အာရုံစိုက်တဲ့သူဟာ ကိုယ့်အတွက် ရေရှည်အဖေါ်ကောင်း ဘယ်ဖြစ်နိုင်မလဲ။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ
-------------------------------------------------------------------------------------
“ပြိတ္တာမိသားစုရဲ့ ၀ဋ်ကြွေး
••••••••••••••••••••••••••••••••
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောငဘက် ကြွနေစဉ် လမ်းမှာပိတ္တာလေးယောက်ကို တွေ့လိုက်တော့ တအံ့တသြနဲ့ မေးလိုက်မိတယ်။
ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာလိုက်တာ။ တစ်ယောက်က ရဲရဲတောက်နေတဲ့ သလေးစပါး ဖျင်းတွေကို ခေါင်းပေါ် မှာ ဖြန့်ကြဲပြီးပူလောင်တဲ့ဒဏ်ကို မပြတ်ခံစားနေရတယ်။ တစ်ယောက်ကတော့ တင်းပုတ်နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေတယ်။ တစ်ယောက်ကတော့ ကိုယ့်အသားအသွေးကို ပြန်ဖဲ့စားနေတယ်။ နင်ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေတယ်။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာလဲ ပြောပါဦး။
မှန်ပါဘုရား။ ဒါ တပည့်တော်တို့ အရင်က မိသားစုတွေပါ။ ♦ရဲရဲတောက်လောင်နေတဲ့ သလေးစပါးဖျင်းတွေ ကြဲနေတဲ့ သူက သားပါဘုရား။ လူ့ဘ၀တုန်းက အမေကို ညဉ်းဆဲခဲ့လို့ပါ။ ♦တင်းပုတ်နဲ့ပြန်ထုနေတဲ့ ကောင်က လင်ပါ။ ကောက်ကျစ်စင်းလဲတဲ့ ကုန်သည်ပေါ့ဘုရား။ ♦ကိုယ့်အသားကို ဖဲ့စားနေတာက ချွေးမပါဘုရား။ သူမကတော့ အိမ်မှာ အသားချက်တော့ မသိအောင် အသားတွေ ခိုးစားခဲ့တယ်။ မေးတော့ မစားဘူးလို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေတာပါ။ ♦တပည့်တော်မကတော့ အဲတုန်းက တစ်အိမ်လုံးကို ဦးစီးတဲ့ အိမ်ရှင်မပါ။ အရမ်းကပ်စေးနဲခဲ့တယ်။ ဥစ္စာရှိသားနဲ့ မရှိဘူးလို့ လိမ်ခဲ့တယ်။ ၀ှက်ခဲ့တယ်။ သူများကို ပေးကမ်းကူညီချင်းမရှိခဲ့ဘူး။
ငါ့အိမ်မှာ ဘာပစ္စည်းမှ မရှိဘူး။ ရှိရဲ့သားနဲ့ လှို့ဝှက်ခဲ့ရင် မစင်စားရပါစေသား လို့လိမ်ခဲ့တယ်။ အဲဒီမကောင်းတဲ့ ကံတွေကြောင့် တပည့်တော်မခုလို ပိုးလောက်ပြည့်နေတဲ့ မစင်တွေ စားနေရပါတယ်ဘုရား။
အိုး.. တယ်လည်း အပြစ်ကြီးလှပေတယ်။”“မှန်ပါဘုရား၊ ဒါကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာ အချည်းအနှီးမဖြစ်ပါဘူး။ အကျိုး ပေးမြဲပါပဲဘုရား။ အကျိုးမပေးပဲနဲ့ မနေပါဘူး။ ဒါကြောင့်လဲ မကောင်းတဲ့ ပိုးလောက်တွေ ပြည့်နေတဲ့ မစင်တွေစားနေရတာ၊ သောက်လည်းသောက်နေရ တာပါဘုရား။
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်လည်း သက်ပြင်းရှည်ချကာ ပြိတ္တာမိသားစုနှင့် ကံ၊ ကံရဲ့အကျိုး၏ ဆန်းကြယ်မူကို သံဝေဂဖြစ်ပြီး စိတ်မကောင်းစွာနဲ့ပဲ ပြန်ကြွလာပါတော့တယ်။
မကောင်းတာလုပ်မိသူကို “ဘုရားတောင်မကယ်နိုင်ပါဘူး။ သူလုပ်ရပ်ကို သူကိုယ်တိုင်ပဲ ပေးဆပ်ရမြဲပါပဲ။ ကိုယ်တော်မြတ် လည်း စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတက်နိုင်။ ဘုရားရှင်ကို အသိပေးလျှောက်ထားပြီးတော့ လက်ရှိလူ့ဘ၀ရရှိနေ တဲ့ နောင်လာနောက်သားများကို ဒီပြိတ္တာမိသားစုကို ဥပမာပြပြီး မကောင်းတာမလုပ်မိအောင် နှိုးဆော်ဖို့ပဲ ရှိပါတယ်။
ပုညံဝ သုခံ ဇနေတိ၊ အပုညံ ဒုက္ခံ ဇနေတိ။ တသ္မာ ပုညံဝ ကာတဗ္ဗံ၊ အပုညံ န စ ကာတဗ္ဗံ။
ကောင်းကံဟာ ကောင်းကျိုးကို ဖြစ်စေတယ်။မကောင်းကံဟာ မကောင်းကျိုးကို ဖြစ်စေတယ်။ဒါကြောင့် ကောင်းကံကို ပြုရမယ်။မကောင်းကံကို မပြုအပ်ပါဘူး။
ဒါကြောင့် စာဖတ်သူများအားလုံးလည်းဒီပြိတ္တာမိသားစုကို ဆင်ခြင် သတိဝင်ပြီး မကောင်းကျိုးကို ဖြစ်စေတဲ့ကံများကို အတက်နိုင်ဆုံးရှောင်ပါ။ ကောင်းကျိုးကို ဖြစ်စေမယ့် ကောင်းကံတွေကို တက်နိုင်သမျှဆည်းပူးပါလို့ တိုက်တွန်းလိုက်ရပါတယ်။
- ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
-------------------------------------------------------------------------------------
စိတ်အေးချမ်းသာ သေနိုင်မှာလား
သေခါနီးလေး၊ ကြိုတင်တွေးကြည့်၊စိတ်အေးချမ်းသာ၊ သေနိုင်မှာလား။  စွဲလမ်း၍သာ၊ သင်သေမှာလား။ ယောင်ယမ်းလူးလွန့်၊ သက်စွန့်မှာလား။ ဟစ်အော်ညည်းကာ၊သေသွားမှာလား။ သက်ရှင်နေစဉ်၊ “ကုသိုလ်ခင်မူ၊သေစဉ်လှလှ၊သင်သေရလိမ့်။
-သာမဏေကျော် ဆရာတော်
-------------------------------------------------------------------------------------
“ခွဲခွါရခြင်းအတွက်
တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ ဆိုတာသိပေမယ့် တကယ်ကြုံတွေ့လာရတဲ့အခါ ခံနိုင်ရည် မရှိကြဘူး။ ခွဲခွါရတယ်ဆိုတာ စိတ်ရဲ့ “ချည်နှောင်မှု ကြောင့်ဖြစ်ပါတယ်။ အစကတည်းက ချည်နှောင်မထားရင် . . . ခွဲခွါရခြင်း အတွက် “ကြေကွဲရခြင်းဆိုတာဖြစ်မလာနိုင်ပါဘူး။ စိတ်ကပဲ ချည်နှောင်ထားတာမို့ စိတ် ကနေပဲ ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။
စိတ်မှာ ချည်မထားရင် လူချင်း ခွဲရသော်လည်း၊စိတ်စွဲကင်းတော့ ၊ စိတ်ဆင်းရဲခြင်းလည်း ကင်းတော့တာပေါ့။ခွဲခွါရခြင်း ဆိုတာအတွက် ဘဝတစ်ခုလုံး မကုန်ဆုံးပါစေနဲ့။
-အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)
-------------------------------------------------------------------------------------
“စိန်စီထားတဲ့ အချိန်
အချိန်မရှိလို့၊ မအားလို့၊ စောသေးလို့၊ ပင်ပန်းလို့ဆိုတဲ့ စကားတွေ လူတိုင်း ပြောလာခဲ့ကြတာ၊ ခုလဲပြောနေကြတုန်းပဲ။အဲဒီလို မအားတာ ၊အချိန်မရှိတာ ဆိုတဲ့အချိန်နဲ့ အဝိဇ္ဇာမောဟနဲ့ သေနေကြတာ နည်းသလား၊မြင်နေကျပဲ မဟုတ်လား။အားပြီး သေကြတော့မယ် လို့ ပြောပြီးသေသွားတာ မရှိကြဘူး။ မအားဘဲ သေသွားကြတာ။ဘာနဲ့ မအားကြသလဲ။လောဘ၊ ဒေါသ၊ မောဟ စိတ်တွေနဲ့ မအားဘဲသေကြတာ။ ပြီးတော့ ဘယ်သွားမလဲ စဉ်းစား။
ဒီတော့ အလုပ်ချိန်၊ အိပ်ချိန်၊ စားချိန်- လောကီအချိန်တွေထဲက လောကုတ္တရာ အချိန်ကို  မရအရ သတ်မှတ်ပြီး အချိန်တိုင်း ကျင့်ကြံအားထုတ်သွားရင်း အချိန်ရဲ့ တန်ဖိုးကို နားလည်လာမယ်။အချိန်တိုင်း နာရီစက္ကန့်တိုင်းဟာ စိန်စီထားတာထက် တန်ဖိုးရှိတာ တွေ့ရလိမ့်မယ်။
လောကီအလုပ်ဆိုတာ ရ၊ မရ မကျိန်းသေဘူး ။အချိန်ကုန်လွန်းတယ်။ဓမ္မအလုပ်က အချိန်တိုင်းမှာ စိန်စီထားတာ တွေ့ရမယ်။
-သုံးဆယ်မြို့ ဓုတင်္ဂါစာရ ဓမ္မသုခဆရာတော်ကြီး ဘဒ္ဒန္တအရှင်ဉာဏ
-------------------------------------------------------------------------------------
စိတ်ရဲ့လွတ်လပ်မှုဟာ အခုကိုယ့်စိတ်မှာ ဘာဖြစ်နေတယ်ဆိုတာကို သိနေတဲ့ အချိန်မှာပဲရှိတယ်။
ဒါကြောင့် လွတ်လပ်မှုဟာ “ပစ္စုပ္ပန်” မှာပဲရှိတယ်။မေ့သွားတာနဲ့ “အတွေး” ထဲမှာ မျောပါသွားမယ်။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ
-------------------------------------------------------------------------------------
လူတွေဟာ ဘ၀ကို Doing နဲ့ တိုင်းတာလေ့ရှိတယ်။
ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလည်း ဒီ Doing ကို ကြည့်ပြီးတော့ပဲ လူကို အသိအမှတ်ပြုတယ်။
သူက ဘာလုပ်နေတာ၊ သူက ဘယ်သူ၊ သူက ဆရာဝန်၊ သူက အင်ဂျင်နီယာ၊ သူက တရားသူကြီး၊ သူက ကျောင်းဆရာ စသည်ဖြင့် ရာထူး အဆင့်အတန်းကို ကြည့်ပြီးတော့ လူကို တိုင်းတာတယ်၊ အသိအမှတ်ပြုတယ်။
ဒီ Doing တစ်ခုထဲနဲ့ ဘ၀ကို တိုင်းတာတဲ့သူဟာ Doingကို မလုပ်နိုင်တဲ့အခါမှာ သူ့ဘ၀ကို တိုင်းတာစရာ ဘာမှ မရှိတော့ဘူးလို့ ခံစားရမယ်။
Being ဆိုတဲ့ တရားအားထုတ်မူကို လုပ်သွားရင်းနဲ့ Doing ဆိုတဲ့ စားဝတ်နေရေး၊ လူမူရေးအလုပ်တွေပါ လုပ်သွားနေရမယ်။ ဒီနှစ်ခုကို ခွဲပြီးတော့ မထားသင့်ဘူး။
အဲဒီလို Being နဲ့ နေသွားရင်းနဲ့ Doing လုပ်သွားတဲ့လူဟာ သူလုပ်တဲ့ကိစ္စတွေဟာ သူ့အတွက် ပိုပြီးတော့ အကျိုးရှိမယ်၊ သူတစ်ပါးအတွက်လည်း ပိုပြီး အကျိုးရှိမယ်။ သူတစ်ပါးကို ထိခိုက်မယ့်ကိစ္စကို ဘယ်တော့မှ မလုပ်ဘူး။
တရားနဲ့ပတ်သက်ပြီးတော့ သိလို့ စိတ်အေးချမ်းမူ ရတဲ့အခါကျတော့ လောကီနဲ့ ပတ်သက်ပြီးတော့ မသိရတာတွေ ၊ မရတာတွေကို စိတ်က ဘယ်လိုမှ သဘောမထားတော့ဘူး။ အဲဒါတွေထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့အရာကို ရထားပြီဖြစ်လို့။
တကယ် တရားရဲ့အေးချမ်းမူကို သိလာတဲ့အခါ ငါ့ဘ၀ဟာ ပြည့်စုံနေပါတယ်လို့ ခံစားရပါလိမ့်မယ်။ တရားကို မသိရင် ရုပ်ပိုင်းက ဘယ်လောက်ပဲပြည့်စုံနေ၊ ပြည့်စုံနေ၊ ပြည့်စုံနေတယ်လို့ မခံစားရပါဘူး။ချို့တဲ့နေတယ်လို့ပဲ ခံစားရမှာပဲ။ နောက်ထပ် လိုနေသေးတယ်လို့ပဲ ခံစားရမှာပဲ။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ
-------------------------------------------------------------------------------------
ကောင်းမှုပြုသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏၊ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ၀မ်းမြောက်ရ၏၊ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သောကံကို သိမြင်ရ၍ ၀မ်း မြောက်ရ အလွန်ဝမ်းမြောက်ရ၏။
- မြတ်ဗုဒ္ဓ( ဓမ္မပဒ )
The virtuous person is happy in this world and after death, happy in both. Seeing thepurity of his own action, he feels glad when he sees the good he has done. - (Dhammapada)
-------------------------------------------------------------------------------------
အခြေအနေတွေအားလုံး အဆင်ပြေနေလို့ စိတ်အေးချမ်းအောင် နေရမှာလား ဆိုတော့ ၊ မဟုတ်ဘူးနော်။ ပရမ်းပတာဖြစ်ပျက်နေတဲ့ ကိစ္စတွေကြားထဲမှာပဲ စိတ်ကြည်လင်မှု၊ အေးချမ်းမှု ရအောင် လုပ်ရမယ်။ လုပ်တတ်အောင် လေ့လာရမယ်၊ လေ့ကျင့်ရမယ်။ ကိုယ့်ဘ၀ရဲ့ အရည်အသွေးကို ပျက်မသွားအောင် ထိန်းသိမ်းရမယ်။
-ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ
-------------------------------------------------------------------------------------
“အကောင်း မြင်စေချင်ပါသည်
ဘဝမှာကံအကြောင်းဆုံလို့ တွေ့ကြရတဲ့အချိန်လေးမှာအကောင်းမြင်စေချင်ပါတယ်။ကိုယ့်ဘဝမှာတကယ်ဆုံဆည်းခွင့်ရတာ ဘယ်နှစ်ယောက်များရှိလို့လဲ။နည်းနည်းလေးပါ။
ဆုံခွင့်ရတဲ့သူအချင်းချင်း တစ်ဦး နှင့် တစ်ဦး နားလည်မှု ရှိစေချင်ပါတယ်။မကောင်းမြင်ဖို့ဆိုရင် အမြင်ကောင်းဖို့လည်း လိုပါတယ်။အမြင်ကောင်းဖို့ဆိုတာ မျက်စိကောင်းဖို့ ပြောတာမဟုတ်ပါဘူး။ တဖက်သားအပေါ်မှာ ထားရှိတဲ့ စိတ်နေစိတ်ထား ရိုးရှင်းဖို့ပြောတာပါ။
လူတစ်ယောက်ကို အကောင်းမြင်ဖို့ဆိုရင် ကြည့်တဲ့သူနှင့်ပဲ ဆိုင်ပါတယ်။အကောင်းတွေချည်း စုနေတဲ့သူ မရှိသလို၊အဆိုး တွေချည်း များနေတဲ့သူ လည်းမရှိပါဘူး။ ကြည့်တဲ့သူကအဆိုးတွေရွေးကြည့်ရင် စိတ်နှလုံး မသာမယာဖြစ်မယ်။
လူတစ်ယောက်ကို တစ်ခုလောက် မကောင်းမြင် ကြည့်လိုက်ပါ။အဲဒီလူရဲ့မကောင်းတဲ့လုပ်ရပ်တွေ ကိုယ့်စိတ်ထဲ တစ်ခုပြီးတစ်ခု ရောက်လာပါလိမ့်မယ်။အဲဒီ့အချိန်မှာ သူတစ်ပါးရဲ့ “မကောင်းကွက်တွေနှလုံးသွင်းရလို့ သင့်စိတ်တွေ ပင်ပန်းနေလိမ့်မယ်။
လူတစ်ယောက်ကို တစ်ခုလောက်ကောင်းတာ တွေ ရွေးကြည့်လိုက်ပါဦး။ အဲဒီလူရဲ့ ကောင်းကွက်တွေ၊သင့်စိတ်ထဲ တစ်ခုပြီးတစ်ခု ဝင်လာလိမ့်မယ်။ အဲဒီလူကိုကြည့်တဲ့ သင့်စိတ်ဟာ ကောင်းနေတဲ့အတွက် သင်ဟာစိတ်ကောင်းကို ပိုင်ဆိုင် ထားတဲ့ပုဂ္ဂိုလ်ဖြစ်ပြီပေါ့။
စိတ်ကောင်းကိုပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်ကို ဆင်းရဲပင်ပန်းမှုတွေ မဖြစ်စေနိုင်တာကတော့ သေချာပါတယ်။
-အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)
-------------------------------------------------------------------------------------


300 250