Monday, November 13, 2023

ဘာကြောင့် အမြဲတမ်း ဗိုက်ဆာနေရတာလဲ

 ဘာကြောင့် အမြဲတမ်း ဗိုက်ဆာနေရတာလဲ
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေဖို့အတွက် အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ထဲမှာ တဂွီဂွီ အော်မြည်နေတဲ့အထိ ဆာလောင်နေစဥ်မှာ အစာစားပေးခဲ့ခြင်း မရှိပေးဘူးဆိုရင် ခေါင်းကိုက်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အာရုံစူးစိုက်၍မရခြင်းစတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ လူအများစုကတော့ အစာစားပြီး နာရီအတော်ကြာတဲ့အထိ ဗိုက်ပြန်ဆာလေ့ မရှိပေမယ့် အချို့ကတော့ အစာစားပြီး အချိန်တိုအတွင်းမှာပဲ ဗိုက်ပြန်ဆာလာလေ့ ရှိကြပါတယ်။ ဒါကြောင့် အမြဲတမ်း ဗိုက်ဆာနေရခြင်းရဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် လုံလောက်မှု မရှိခြင်း
ပရိုတိန်းဓာတ် အနေနဲ့ အစာစားချင်စိတ်ကို လျော့ချပေးနိုင်တဲ့အပြင် ကယ်လိုရီ ပါဝင်တဲ့ အစားအစာတွေ စားသုံးချင်စိတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ပရိုတိန်းအနေနဲ့ ဗိုက်ပြည့်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်တွင်း ဆာလောင်စေတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ပရိုတိန်း ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးချင်း မရှိဘူးဆိုရင် ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် လုံလောက်မှု ရှိလာတော့မှာ မဟုတ်ပဲ မကြာခဏ ဆာ‌လောင်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
အိပ်ချိန် လုံလောက်မှု မရှိခြင်း
နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ၊ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားတွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အိပ်ချိန် လုံလောက်မှု မရှိတဲ့ အခါမှာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ Ghrelin ဟော်မုန်းပမာဏ များပြားလာမှာ ဖြစ်တာကြောင့် မကြာခဏ ဆာလောင်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
စိတ်ဖိစီးမှု များပြားခြင်း
စိတ်ဖိစီးမှုတွေ များပြားတဲ့ အခါမျိုးတွေမှာ၊ စိတ်ပင်ပန်းဆင်းရဲစရာတွေနဲ့ ရင်ဆိုင်ရတဲ့ အခါတွေမှာ ခန္ဓာကိုယ် အတွင်းကနေ Cortisol လို့အမည်ရတဲ့ ဟော်မုန်းတစ်မျိုး ထွက်ပေါ်လာလေ့ ရှိပါတယ်။ Cortisol ဟော်မုန်းကြောင့် မကြာခဏ ဆာလောင်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ရေဓာတ်ခမ်းခြောက်ခြင်း
ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်းများစွာကို ခံစားရမှာ ဖြစ်သလို ခန္ဓာကိုယ်တွင်း ရေဓာတ် လုံလောက်မှု မရှိခြင်းကြောင့် အစာချေစနစ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပဲ မကြာခဏ ဆာလောင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ စားသုံးမှု မရှိခြင်း
အစာချေစနစ် အနေနဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ချေဖျက်ဖို့အတွက် အချိန်အတော်ကြာ လုပ်ဆောင်ရတာကြောင့် အစာချေဖျက်နေစဉ် အချိန်အတွင်းမှာ ဆာလောင်ခြင်းကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဗိုက်ဆာစေတဲ့ ဟော်မုန်း ထုတ်လွှတ်မှုကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း
လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ဆောင်ခြင်းကြောင့် ကယ်လိုရီလောင်ကျွမ်းမှုနှုန်းလည်း ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းမှု မြင့်တက်လာတဲ့ အခါမှာ မကြာခဏ ဆာလောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
အရက် အလွန်အကျွံသောက်သုံးခြင်း
အရက် အလွန်အကျွံသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း ထုတ်လွှတ်မှု နည်းပါးသွားမှာ ဖြစ်တာကြောင့် မကြာခဏ ဆာလောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
ရောဂါဝေဒနာများ ခံစားနေရခြင်း
ဆီးချိုရောဂါ၊ စိတ်ကျဝေဒနာ၊ သွေးတွင်းသကြားဓာတ် လျော့နည်းခြင်းစတဲ့ ‌ရောဂါဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်လည်း မကြာခဏ ဆာလောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
REF: HealthLine, WebMD

အသင့်စား ခေါက်ဆွဲခြောက်များ မကြာခဏ စားသုံးခြင်းရဲ့ ဆိုးကျိုးများ

 အသင့်စား ခေါက်ဆွဲခြောက်များ မကြာခဏ စားသုံးခြင်းရဲ့ ဆိုးကျိုးများ
အသင့်စား ခေါက်ဆွဲခြောက်တွေကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ နှစ်သက်စွာ စားသုံးလေ့ ရှိကြပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်တွေဟာ ဝယ်ယူရ လွယ်ကူသလို စားသုံးဖို့ အတွက်လည်း အလွယ်တကူ ပြင်ဆင်နိုင်တာကြောင့် အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အခါမျိုးတွေမှာ လူအများစု အနေနဲ့ ကြိုတင် ဝယ်ယူ စုဆောင်းမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် အသင့်စား ခေါက်ဆွဲခြောက်တွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ အဓိကအားဖြင့် ဂျုံ၊ ဆား၊ ရသာမှုန့်နဲ့ စားအုန်းဆီတို့ ပါဝင်ပါတယ်။ အသင့်စား ခေါက်ဆွဲခြောက် အများစုမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်နဲ့ အမျှင်ဓာတ်တို့လည်း အနည်းငယ်သာ ပါဝင်ပြီး အဆီဓာတ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ဆိုဒီယမ်တို့ လွန်ကဲစွာ ပါဝင်ပါတယ်။
ဒါ့အပြင် အသင့်စား ခေါက်ဆွဲခြောက်တွေကို အချိန်ကြာမြင့်စွာ အထားခံစေဖို့ အတွက် တာရှည်ခံဆေးတွေ အသုံးပြုထားတာကြောင့် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အစာချေစနစ်ကို ထိခိုက်စေခြင်း
အစာချေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ အတွက် ခန္ဓာကိုယ်တွင်း အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ လုံလောက်စွာ တည်ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကိုသာ အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေကို လုံလောက်စွာ ရရှိနိုင်မှာ မဟုတ်တာကြောင့် အစာချေစနစ်ကို ထိခိုက်စေမှာ ဖြစ်သလို ဝမ်းချုပ်ခြင်း၊ မအီမသာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အသည်းပျက်စီးခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ (Propylene Glycol) လို့ အမည်ရတဲ့ ဓာတုဒြပ်ပေါင်း တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ (Propylene Glycol) ဓာတုဒြပ်ပေါင်း အနေနဲ့ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တာကြောင့် အသင့်စား ခေါက်ဆွဲခြောက်တွေကို နေ့စဉ်ရက်ဆက် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အသည်းပျက်စီးခြင်းကို ခံစားရနိုင်ပါတယ်။
ကျောက်ကပ် ပျက်စီးခြင်း
(Propylene Glycol) ဓာတု ဒြပ်ပေါင်းကြောင့် အသည်းပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်သလို ကျောက်ကပ် ပျက်စီးခြင်းကိုလည်း ဖြစ်ပွားစေနိုင်တာကြောင့် အသင့်စား ခေါက်ဆွဲခြောက်များ အလွန်အကျွံ စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
ခေါင်းကိုက်ခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ Monosodium Glutamate (MSG) လို့ အမည်ရတဲ့ ဒြပ်ပေါင်း တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ (MSG) ဒြပ်ပေါင်း ပါဝင်တဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကို အသင့်အတင့်သာ စားသုံးခဲ့မယ်ဆိုရင် ခန္ဓာကိုယ် အတွက် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေမှာ မဟုတ်ပေမယ့် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင်တော့ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို ဦးနှောက် စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေမှာ ဖြစ်ပါတယ်။
ဆီးချိုရောဂါ ဖြစ်ပွားခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ အနံ့အရသာနဲ့ ပြည့်စုံစေဖို့ အတွက် သကြားဓာတ်တွေ အမြောက်အများ အသုံးပြုထားတာကြောင့် အမြဲလိုလို စားသုံးခဲ့မယ်ဆိုရင် ဆီးချိုရောဂါ၊ နှလုံးရောဂါစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် အသင့်စား ခေါက်ဆွဲခြောက်တွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အဝလွန်ခြင်း၊ လိင်စိတ်စွမ်းဆောင်ရည် ကျဆင်းခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် တစ်ပတ်ကို နှစ်ကြိမ်ခန့်သာ အသင့်စား ခေါက်ဆွဲခြောက်တွေကို စားသုံးပေးသင့်ပါတယ်။
REF: HealthLine, SteemIt

300 250