Thursday, May 31, 2018

လေးဖက်မက နာတဲ့ သွေးလေးဖက်နာ


လေးဖက်မက နာတဲ့ သွေးလေးဖက်နာ
________________________

သွေးလေးဖက်နာ ဆိုတာ ဘာလဲ
သွေးလေးဖက်နာရောဂါ Rheumatoid Arthritis (RA) သည် အဆစ်အမြစ်များ နာတာရှည်ရောင်ရမ်းခြင်းဖြစ်ပေါ်နေသောအခြေအနေတစ်မျိုးဖြစ်သည်။ ကူးစက်ရောဂါပိုးများကို တိုက်ခိုက်သည့် ခန္ဒာကိုယ်၏ ခုခံအားစနစ်က အဆစ်အမြစ်များကို မှားယွင်းတိုက်ခိုက်ခြင်းကြောင့် ရောဂါဖြစ်လာရသည်။ ပိုးလေးဖက်နာ၊ အရေပြားလေးဖက်နာရောဂါများနှင့် ရောဂါလက္ခဏာ ကွဲပြားမှုများရှိသည် ကုသပုံခြင်းလည်း ကွဲပြားသည်။ သွေးလေးဖက်နာရောဂါလက္ခဏာများမှာ တဖြည်းဖြည်းခြင်းပေါ်လာတတ်သည်။ အဆစ်အမြစ် နာကျင်ခြင်း၊ တင်းနေပြီး လှုပ်ရှားရန်ခက်ခြင်း၊ နီရီဖောင်းကားခြင်းများ ဖြစ်တတ်သည်။ များသောအားဖြင့် အဆစ်အမြစ်များကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသော်လည်း အဆစ်အမြစ်မဟုတ်သော ခန္ဓာကိုယ်တွင်း အင်္ဂါများကိုလည်း ရောင်ရမ်းခြင်း ထိခိုက်ပျက်စီးခြင်း ဖြစ်စေနိုင်သည်။
သွေးလေးဖက်နာဖြစ်နိုင်ခြေ
သွေးလေးဖက်နာရောဂါ ဘာကြောင့် ဖြစ်သည်ဟု တိကျစွာ မတွေ့ရှိရသေးပါ။ သို့သော် သွေးလေးဖက်နာ ဖြစ်နိုင်ခြေများစေသော အချက်တစ်ချို့ကိုတော့ လေ့လာတွေ့ရှိရပါသည်။ အနီးစပ်ဆုံးခန့်မှန်းချက်အရ လူအယောက် တစ်ရာလျှင် တစ်ဦး ဖြစ်နိုင်ပါသည်။ အမျိုးသား/အမျိုးသမီးကွဲပြားမှု၊ လူမျိုးကွဲပြားမှုနှင့် မျိုးရိုးဗီဇကွဲပြားမှုများက သွေးလေးဖက်နာ ဖြစ်နိုင်ခြေကို လွှမ်းမိုးထားပါသည်။

အမျိုးသားနဲ့ အမျိုးသမီး
ခိုင်မာသော လေ့လာတွေရှိချက်များအရ အမျိုးသမီးများသည် အမျိုးသားများထက် သွေးလေးဖက်နာရောဂါ ဖြစ်နိုင်ခြေ သုံးဆ ပိုများပါသည်။

မျိုးရိုးဗီဇ
မိဘတွင် သွေးလေးဖက်နာ ရောဂါ ရှိသော်လည်း သားသမီးတွင်မဖြစ်နိုင်ပါ။ တစ်နည်းအားဖြင့် မျိုးရိုးလိုက်သော ရောဂါတစ်မျိုး မဟုတ်ပါ။ သို့ရာတွင် တစ်ချိ့သော မျိုးရိုးဗီဇဂျင်း (Gene) ပါဝင်သူများတွင် ရောဂါဖြစ်နိုင်ခြေ ပိုများကြောင်းတွေ့ရှိရသည်။ မျိုးရိုးဗီဇဂျင်းများ တူသည့် အမြွှာညီအစ်ကို ညီအစ်မ များတွင် တစ်ဦးသွေးလေးဖက်နာဖြစ်လျှင် နောက်တစ်ဦးပါဖြစ်နိုင်ခြေ ၃၀% ကျော်ရှိသည်။

ရောဂါအစပြုပေးသည့်အချက်များ
ကူးစက်ရောဂါပိုးများ
လေ့လာချက်များအရ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးတစ်ချို့ ကူးစက်ခံခြင်းကြောင့် သွေးလေးဖက်နာရောဂါ အစပြုလာသည်ဟု တွေးထင်ရသည်။ မည်သည့်ရောဂါပိုးကြောင့်ဆိုသည်ကိုမူ ယနေ့တိုင် တိကျစွာ မပြောနိုင်သေးချေ။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သူများတွင် သွေးလေးဖက်နာ ဖြစ်နိုင်ခြေပိုများသည်။ ရောဂါဖြစ်သူများတွင်လည်း ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါပိုမို ဆိုးရွားပြင်းထန်သည်ကို တွေ့ရသည်။

ဖိစီးမှုများ
သွေးလေးဖက်နာရောဂါရှိသူ အများစုတွင် လက္ခဏာများမခံစားရမီ ခြောက်လခန့်အတွင်း ထိခိုက်ဒဏ်ရာရခြင်းနှင့် စိတ်ဖိစီးမှုများသော အချိန်ကာလများ ရှိခဲ့ကြကြောင်းကိုလည်း တွေ့ရသည်။

ရောဂါလက္ခဏာများ
ရောဂါအစပြုချိန်နှင့် လက္ခဏာများခံစားရသောကြောင့် ဆေးရုံဆေးခန်း ပြသရချိန် လပိုင်းခန့်ကွာခြားတတ်သည်။ တဖြည်းဖြည်းချင်း လက္ခဏာပြသော ရောဂါဖြစ်သည်။ အစောပိုင်း ခံစားရသော လက္ခဏာများမှာ ပင်ပန်းနွမ်းနယ် ညောင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ငွေ့ငွေ့ဖျားခြင်း၊ ပိန်လာခြင်း၊ လက်များ ထုံကျင်ခြင်း စသည်တို့ဖြစ်သည်။ အဆစ်အမြစ် တင်းရင်း နာကျင်ခြင်း မဖြစ်မီ ပြောခဲ့သောလက္ခဏာများ ပေါ်လာတတ်သည်ကိုလည်း တွေ့ရတတ်သည်။ ခန္ဓာကိုယ်တွင်းအင်္ဂါများရောင်ရမ်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း များဖြင့်လည်း ရောဂါလက္ခဏာများ အစပြုတတ်သည်ကို တစ်ခါတစ်ရံတွေ့ရသည်။ အဆစ်အမြစ်များအပြင် နှလုံး၊ အဆုတ်၊ ဘေလုံး နှင့် မျက်စိ တွင် ရောင်ရမ်းခြင်း ပြဿနာများဖြစ်တတ်သည်။ သွေးလေးဖက်နာရောဂါ ခံစားရသူခြင်းတူသော်လည်း မည်သူ့တွင် မည်ကဲ့သို့ လက္ခဏာများပေါ်မည် ပိုဆိုးမည်ဟု ကြိုတင်မသိနိုင်ပါ။

ရောင်ရမ်းသောအဆစ်များ
များသောအားဖြင့် ဘယ်ညာ နှစ်ဖက်လုံးရှိ အဆစ်များ တစ်ပြိုင်နက် ရောင်ရမ်းလေ့ရှိသည်။ အစပိုင်းတွင် လက်ချောင်း၊ ခြေချောင်းရှိ အဆစ်အသေးများ စတင်နာကျင်ရောင်ရမ်းလေ့ရှိသည်။ ဒူး၊ ပခုံးကဲ့သို့ အဆစ်ကြီးကြီး တစ်ခုတည်းလည်း စတင်ခံစားရနိုင်သည်။ ရောဂါပိုးဆိုးလာသည်နှင့်အမျှ အများစုတွင် လက်မောင်းနှင့် ခြေထောက် အဆစ်အမြစ်များပါ နာကျင်ရောင်ရမ်းလာလေ့ရှိသည်။ ၂၀-၅၀% သောသူများတွင် တင်ပဆုံရိုးဆစ်နှင့် ခါးရိုးဆစ်များပါ ရောင်ရမ်းတတ်သည်။

အဆစ်အမြစ်လက္ခဏာ
အဆစ်အမြစ်များ နာကျင်ခြင်း၊ တင်းခြင်း၊ နီရဲခြင်း၊ ကိုင်ကြည့်လျှင်ပူနေခြင်း၊ ဖောင်းနေခြင်း စသည့် လက္ခဏာများ တဖြည်းဖြည်း ဖြစ်လာသည်။ မနက်စောစော နှင့် ကြာကြာထိုင်ပြီးလျှင် အဆစ်အမြစ်များ တင်းကာ ကွေးဆန့်ခက်ခြင်းမှာ စိတ်အနှောက်အယှက် အဖြစ်ရဆုံးပင်ဖြစ်သည်။ တစ်နာရီဝန်းကျင်ခန့် ကြာအောင် အဆစ်များ တင်းနေတတ်သည်။ လက်ချောင်းရှိအဆစ်များ ဦးစွာရောင်ရမ်းလေ့ရှိပြီး မကုသပဲ ကြာလာလျှင် အဆစ်များ ကောက်ကွေးခြင်း လက်ချောင်းများ လက်သန်းဘက်သို့ ယိုင်လာခြင်းတို့သည် သွေးလေးဖက်နာ ရောဂါ၏ ထူးခြားလက္ခဏာများဖြစ်သည်။ လက်ဖျံ တံတောင်နဲ့ ဖိမိသောနေရာများရှိ အရေပြားအောက်တွင် မာမာအဖုများလည်း ဖြစ်လာတတ်သည်။ သွေးလေးဖက်နာရောဂါကြောင့် သွေးကြောများရောင်ရမ်းခြင်းဖြစ်သည့် လက္ခဏာများလည်း ခံစားရလေ့ရှိသည်။

အဆစ်နာတိုင်း သွေးလေးဖက်နာမဟုတ်ပါ
ထိခိုက်မှုကြောင့်ဖြစ်စေ၊ လှုပ်ရှားမှုနှင့် ဒဏ်ကြောင့်ဖြစ်စေ ကူးစက်ဖျားနာရောဂါများကြောင့်ဖြစ်စေ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း ဖြစ်နိုင်ပါသည်။ လိုအပ်သော ကုသမှုဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။ သွေးလေးဖက်နာရောဂါတွင် အဆစ်အမြစ် နာကျင်ရောင်ရမ်းခြင်းသည် တစ်လခွဲထက်မက ကြာရှည်ခံစားရလေ့ရှိသည်။

စမ်းသပ် စစ်ဆေးခြင်း
သွေးလေးဖက်နာရောဂါဟု တိကျစွာ ပြောနိုင်ရန် ဆရာဝန် စမ်းသပ်ခြင်း လိုအပ်သည်များ စစ်ဆေးခြင်း ပြုလုပ်ရပါသည်။ ရောင်ရမ်းနေသော အဆစ်များကို စမ်းသပ်ခြင်း တခြားလက္ခဏာများ ရှိမရှိ စမ်းသပ်ခြင်းပြုလုပ်ရသည်။ သွေးလေးဖက်နာအတွက် သွေးစစ်ဆေးခြင်း တွဲဖက်ပြဿနာများအတွက် သွေးစစ်ခြင်း၊ ရောင်ရမ်းအဆစ်များကို ဓာတ်မှန်ရိုက်ခြင်း ပြုလုပ်ရသည်။ စမ်းသပ် စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ သွေးလေးဖက်နာရောဂါ သေချာလျှင် လိုအပ်သောကုသမှုများ စပေးတော့မည် ဖြစ်သည်။ အဆစ်အမြစ်များ ကောက်ကွေး ပုံပျက် လှုပ်ရှားရန်ခက်ခဲခြင်း မဖြစ်မီ တတ်ကျွမ်းနားလည်သူနှင့် စောစောပြကာ ရောဂါသိပြီး ကုသမှုစနိုင်ရန် အလွန် အရေးကြီးသည်။

ကုသခြင်း
ရောဂါအခြေအနေ၊ အဆစ်အမြစ်ထိခိုက်ပျက်စီးမှု၊ ဓာတ်မှန်အဖြေ၊ ရောဂါပြောင်းလဲမှုအခြေအနေ၊ ကုသဆေး ဘေးထွက်ဆိုးကျိုးများခံစားရမှု စသည့်အချက်များအပေါ် မူတည်ပြီး သင့်တော်သည့် ကုသဆေးကို ပေးရသည်။
ယေဘုယျအားဖြင့် အကိုက်အခဲပျောက်ဆေးများ၊ စတီးရွိုက် (Steroid) ခေါ် နာကျင်ရောင်ရမ်းခြင်းသက်သာစေသည့် ဟော်မုန်းဆေးများ၊ သွေးလေးဖက်နာရောဂါအတွက် အထူးဆေးများ ပါဝင်သည်။

ကိုယ်လက်လှုပ်ရှားပါ
နာကျင်ခြင်းကြောင့် လှုပ်ရှားမှုမလုပ်လျှင် ကြွက်သားအားနည်းလာခြင်း၊ အဆစ်များခိုင်ပြီးမလှုပ်နိုင်ခြင်း ပိုဆိုးလာနိုင်သည်။ ဆေးကုသမှုအပြင် ဆရာဝန်ညွန်ကြားချက်ဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ နေ့စဉ်အလုပ်များကို အဆင်ပြေစွာလုပ်နိုင်မည့် နည်းလမ်းများ အသုံးပြုခြင်း ဖြင့် နာကျင်ရောင်ရမ်းမှုများ သက်သာစေနိုင်သည်။

ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်ပါ
သွေးလေးဖက်နာရောဂါကြောင့် နှလုံးနှင့်သွေးကြောရောဂါတွေ ဖြစ်နိုင်ခြေပိုများသည်။ အဆီများသောအစားသောက်များရှောင်ပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို များများစားပါ။

ရောဂါပျောက်သလား
ကုသခြင်းမခံယူပဲ ရောဂါသက်သာသွားသည့် ဖြစ်ရပ်မှာ ရှားသည်။ တစ်ဦးနှင့်တစ်ဦး ရောဂါဖြစ်ပွားသည့်ပုံစံ ကွဲပြားနိုင်သည် ကြိုတင်မှန်းဆ၍ မရနိုင်ပါ။ ကုသပေးခြင်းဖြင့် လက္ခဏာများ လပိုင်းအကြာတွင် ငြိမ်သွားပြီး နောက်မှ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပြန်ကြွလာခြင်း အဖြစ်များသည်။ ဆရာဝန်နှင့် မှာကြားထားသည့်အတိုင်း ပုံမှန် ပြန်ပြပေးနေရန် အရေးကြီးသည်။ ရောဂါအခြေအနေကို ကြည့်ပြီး ဆေးအတိုးအလျော့ လုပ်ရသည်။ ဆေးပုံမှန်သောက်နေလျှင် ရောဂါကို ကောင်းကောင်းထိန်းထားနိုင်ပါသည်။ ၁၀-၂၀% ခန့်သော သွေးလေးဖက်နာရောဂါရှင်များတွင် ကုသမှုပေးထားသော်လည်း ရောဂါပိုဆိုးလာတတ်သည်။

အိမ်ထောင်ပြု ကလေးမွေးလို့ရလား
ရပါသည်။ ကိုယ်ဝန်ရနိုင်ခြေမဖြစ်မီကတည်းက ကုသပေးသော ဆရာဝန်နှင့် ဆေးကုသမှုအတွက် သေချာတိုင်ပင်ထားရန် အရေးကြီးသည်။ သန္ဓေသားကို ပြဿနာပေးနိုင်သောကြောင့် ပေးထားလျှင် ကိုယ်ဝန်မရမီ ၃ လ သို့မဟုတ် ၂ နှစ်ကြိုဖြတ်ထားရမည့် ဆေးများရှိသည်။
များသောအားဖြင့် သွေးလေးဖက်နာရောဂါသည် ကိုယ်ဝန်ရှိချိန်တွင် သက်သာနေတတ်ပြီး ၉၀% ခန့်သည် ကလေးမွေးပြီး ၃ လအတွင်း ရောဂါပြန်ကြွတတ်သည်။

သွေးလေးဖက်နာရောဂါကို စောစောသိ စောစောကုနိုင်ကြပါစေ

#Rheumatoid_Arthritis #RA
Reference: Uptodate
Photos: Davidson 23rd

နောက်ထပ် ဒီ Page ကနေတင်ပေးတဲ့ ပို့စ်တွေကို မလွတ်တမ်း ဖတ်နိုင်အောင်
အောက်ဆုံးက Page နာမည်ကိုနှိပ် Like ကိုနှိပ် Following ကို နှိပ်ပြီး
အောက်ညာဖက်က See First လုပ်ထားပေးကြပါလို့ အကြံပြု တောင်းဆိုချင်ပါတယ်။

See First လုပ်ထားတာပြည့်နေလို့ မရတော့ရင်
ပို့စ်အသစ်တင်တိုင်း တွေ့နိုင်အောင် ဒီအောက်ကလင့်ကိုနှိပ်ပြီး Standard ဆိုတာရွေးကြည့်ပါ အပြာရောင်အမှန်ခြစ်လေးပေါ်ရင်ရပါပြီ။ ရ မရ ပြောပါဦးနော်
https://mobile.facebook.com/drnyeinkohein/get_notification/

ရေးပြီးသားဆောင်းပါးတွေကို
အလွယ်ဖတ်လို့ရအောင် တစ်စုတစ်စည်းတည်းစုထားပေးပါတယ်
အောက်က Link ကိုနှိပ်ပြီး ဖတ်ချင်တာရွေးဖတ်နိုင်ပါတယ်
https://www.facebook.com/drnyeinkohein/posts/849166261929439

Page ကိုလာလည်ကြည့်လိုက်ပါ ☺
သင်ပြောလိုတာ သိချင်တာ ကို Comment လေးတစ်ကြောင်းလောက် ရေးပြီးပြောလိုက်ပါ၊ သိလိုတာကို မက်ဆေ့ကတစ်ဆင့် မေးလိုက်ပါ။

ပို့စ်ကို Share ပေးခြင်းဖြင့် ကျန်းမာရေး ဗဟုသုတ မျှဝေခြင်းကို ကူညီနိုင်ပါတယ်။

ကျေးဇူးတင်လို့ ကျန်းမာရေးဗဟုသုတမျှဝေခြင်းမှာ ကူညီချင်ရင် ဒီမှာကြည့်ပေးပါ https://www.facebook.com/drnyeinkohein/posts/920932661419465

Happy & Healthy
https://www.facebook.com/drnyeinkohein/photos/a.152099688302770.1073741828.152096864969719/928280750684656/?type=3

No comments:

Post a Comment

300 250