Saturday, November 17, 2018

၂၅ နှစ်အရွယ်တုန်းက

*** (၂၅ နဲ့  ၅၂) ***
***********
၂၅ နှစ်အရွယ်တုန်းက
ချစ်တယ်လို့ ပြောလာတဲ့သူကသာ
ကိုယ့်ကိုချစ်တဲ့သူ လို့ ထင်ခဲ့တယ်။
၅၂ နှစ် အရွယ်ရောက်တော့
သူကဘာမှ မပြောပဲလည်း ကိုယ့်ကို
ချစ် တဲ့သူမှန်း သိလာတယ်။

၂၅ နှစ်တုန်းက
ရုပ်အလှ ကို မက်မောခဲ့တယ်။
၅၂ နှစ်ရောက်တော့
စိတ်အလှကို မက်မော လာတယ်။

၂၅ နှစ်တုန်းက
အရယူခြင်းဖြင့် အကောင်းဆုံး
ရယူနိုင်တယ် လို့ ထင်ခဲ့တယ်။
၅၂အရောက်မှာ
ပေးကမ်းခြင်း က အကောင်းဆုံး
ရယူခြင်း လို့ သိလာတယ်။

၂၅ နှစ်တုန်းက
ပညတ် ကို ဦးစားပေးခဲ့တယ်။
၅၂နှစ်မှာ
ပရမတ် ကို ဦးစားပေးရမှန်းသိလာတယ်။

၂၅နှစ်မှာ
မိဘ ဆိုတာ ကိုယ်လိုတာ
ဖြည့်ဆည်းပေးမဲ့သူ လို့ ထင်ခဲ့တယ်။
၅၂ နှစ်မှာ
မိဘဆိုတာ ကိုယ်က
ရာသက်ပန်ဖြည့်ဆည်းပေးရမဲ့
ကျေးဇူးရှင် လို့ သိလာတယ်။

၂၅နှစ် တုန်းက
ဆရာ ဆိုတာ စာသင်ပေးတဲ့သူလို့ 
ထင်ခဲ့တယ်။
၅၂အရောက်မှာ
ဆရာဆိုတာ ပညာသင်ပေးတဲ့
ဒုတိယမိဘ လို့ သိလာတယ်။

၂၅နှစ်တုန်းက
ပညာဆိုတာ ဘွဲ့ လက်မှတ်တွေပဲ လို့
ထင်ခဲ့တယ်။
၅၂နှစ်မှာ
ပညာဆိုတာဝေဘန်ပိုင်းခြားနိုင်စွမ်းသော
အသိ ဆိုတာနားလည်လာတယ်။

၂၅နှစ်တုန်းက
သူငယ်ချင်းဆိုတာ အတူစား
အတူကစားတဲ့သူလို့ ထင်ခဲ့တယ်။
၅၂နှစ် မှာ
သူငယ်ချင်းဆိုတာ
ထာဝရမိတ်ဆွေ ဆိုတာ သိလာတယ်။

၂၅နှစ်တုန်းက
ဥစ္စာကိုရှာချင်ခဲ့တယ်။
၅၂နှစ်မှာ
တရားကိုရှာချင်လာတယ်။

၂၅နှစ်တုန်းက
အိမ်ထောင်ဘက်ဆိုတာ ရာသက်ပန်
လက်တွဲမဲ့သူ လို့ ထင်ခဲ့တယ်။
၅၂နှစ်မှာ
အိမ်ထောင်ဘက်ဆိုတာ
ရေစက်ရှိသလောက်
လက်တွဲရမဲ့သူလို့ သိလာတယ်။

၂၅ နှစ်တုန်းက
တရားရှာတဲ့ အလုပ်က တတိယအရွယ်မှ
လုပ်ရမယ်လို့ ထင်ခဲ့တယ်။
၅၂နှစ် ရောက်တော့
တရား ရှာတဲ့ အလုပ်က
လူဖြစ်ကတည်းက လုပ်ရမဲ့အလုပ်မှန်း
သိလာတယ်။

၂၅နှစ်တုန်းက
ကြိုးစားတိုင်း ဖြစ်ရမယ် လို့ ထင်ခဲ့တယ်။
၅၂နှစ်မှာ
အတိတ်ကံ ပစ္စုပ္ပန် ကံ နှစ်ခု ညီညွတ်စွာ
ကြိုးပမ်းသော ကောင်းမှု ကံကမှ
အောင်မြင်နိုင်မယ်ဆိုတာ သိလာတယ်။

၂၅နှစ်တုန်းက
အားလုံးရဲ့  အချစ်ကို လိုချင်တယ်။
၅၂ နှစ်မှာ
အားလုံးကို ချစ်ပေးချင်လာတယ်။
်( ၅၂၈ အချစ်ကိုဆိုလိုသည် )

၂၅ နှစ်တုန်းက
လက်ထဲရှိသော အရာ အားလုံး
ကိုယ်ပိုင်တယ်လို့  ထင်ခဲ့တယ်။
၅၂နှစ်မှာ
ကိုယ်ပြုသောကုသိုလ် နဲ့ အကုသိုလ် ပဲ
ကိုယ်ပိုင်တယ်လို့ သိလာတယ်။

၂၅နှစ်တုန်းက
ရယူလိုစိတ်များခဲ့တယ်။
၅၂နှစ်မှာ
စွန့် လွှတ်လိုစိတ်များလာတယ်။ ။

(စိတ်တူသူ မည်သူမဆို share ခွင့်ပြုပါသည်)

လေးစားစွာဖြင့်
( နွယ် နီ လတ်)
https://www.facebook.com/photo.php?fbid=2034407423512210&set=a.1865640140388940&type=3

No comments:

Post a Comment

300 250