Friday, July 27, 2018

Traveling Like a Local in Bangkok 🇹🇭

Traveling Like a Local in Bangkok  🇹🇭
ဘန်ကောက်ကို သက်သောင့်သက်သာနဲ့ ခရီးသွားလိုသူများအတွက် Trip Cost ခရီးစရိတ်

ဘန်ကောက်ကို Budgetနဲ့သွားချင်တယ်။ Tipsလေးနဲ့ရေးပေးပါဆိုတော့ ဈေးအသက်သာဆုံးအနည်းဆုံးဆိုပြီး မရေးတော့ဘဲ သက်သောင့်သက်သာနဲ့လည်း သွားလို့ရမဲ့ ဈေးအနည်းဆုံးနည်းလမ်းကို ပြောပြသွားပါ့မယ်။ စိုင်းထက်ပထမဆုံးတခါသွားတုန်းကUSD10ဒေါ်လာတန် Innမှာတည်းတာ ဈေးသက်သာပေမဲ့ ရေချိုးခန်းအိမ်သာလည်းတွဲလျက်မပါတဲ့အပြင် ညစ်ပတ်ပြီး လုံခြုံစိတ်ချမှုလည်း မရှိပါဘူး။ ဘယ်ခရီးသွားသွား Safety ကို အရင်ဆုံးကြည့်ရပါမယ်။ဒါကြောင့် သက်သောင့်သက်သာနဲ့ ဈေးအနည်းဆုံးဖြစ်မဲ့နည်းလမ်းကို သွားခဲ့တဲ့အတွေ့အကြုံနဲ့ ရေးမယ်နော်။

ထိုင်းနိုင်ငံကို ၂၀၀၉ခုနှစ်က အလည်စသွားခဲ့တာ အခေါက်အခေါက်အခါခါရှိပေမဲ့ Pageမှာရော စာအုပ်ထဲမှာပါ သိပ်ပြီးတော့ မရေးဖြစ်ဘူးရယ်။ သူငယ်ချင်းအများစုတွေက သူတို့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးထွက်တော့မယ်ဆိုရင် ထိုင်းနိုင်ငံ၊ အထူးသဖြင့်ဘန်ကောက်ပဲ များပါတယ်။

ဒါကြောင့် အခုလိုရင်းတိုရှင်း Tipsဆန်ဆန်ပဲ ရေးပါမယ်။ (သိပ်တော့မတို)ဈေးနှုန်းတွေက ပျှမ်းမျှပေါ့။

✈️✈️လေယာဉ်လက်မှတ်
Air ticket ဖိုး အသွားအပြန်= တစ်သိန်းခွဲကျပ်

Budget Airlines တွေအပြင် Full Service Airlinesတွေပါ ရွေးချယ်စရာအများစုတယ်။
Air Asia
MNA
Bangkok Airways
Thai Airways
MAI
Nok Air
Thai Lion Mentari
တွေရှိပေမဲ့ စိုင်းထက်ကတော့ အေးဂျင့်ကို ဖုန်းဆက်ပြီး ဈေးနှုန်းနည်းတာ ရှာစေပြီး ဝယ်လိုက်တယ်။ သွားခဲ့သမျှ Luggageပါပြီး အသွားအပြန် USD 115,USD 100, USD 90စသဖြင့်ပဲ။ ဒါပေမဲ့ စိုင်းထက်၂လလောက်ကြိုဝယ်ထားတာ။ တချို့Airlinesတွေက တစ်ကြောင်းကို USD35ဆိုတော့ အသွားအပြန်70ဆိုပေမဲ့ Luggageမပါဘူး။

🏙 တည်းခိုဖို့
၂ယောက်ခန်း၎ည= ၈သောင်းကျပ်

အများစုက ဈေးတွေနဲ့နီးတဲ့ Pratunamမှာ နေချင်ကြတယ်။ ထိုင်းပစ္စည်းတွေရောင်းတဲ့ Platinum Mallကို သွားဖို့လွယ်တာကိုး။ ဒါပေမဲ့ တခြားနေရာသွားချင်ရင်လည်း ရထားတို့ကားတို့ပြန်စီးရတာပါပဲ။

ဒီတော့ စိုင်းထက်က ဒီတခအနားအေးပါးအေးရှိမဲ့ Sukhunvitနေရာမှာ နေလိုက်တယ်။ စိုင်းထက် ခုနောက်ဆုံးနေခဲ့တာOn Nut BTSရထားဘူတာနားက ဟိုတယ်apartmentမှာ။ မြို့လယ် Siamကို မိနစ်၂၀ပဲစီးရတာ။

စိုင်းထက်နေခဲ့တာ Sukhunvit Soi 85က @ Mind Executive Suitesနဲ့ Sukhunvit Soi 81က KV mansionမှာ တစ်ည ဘတ်၁၀၀၀ (၄သောင်းကျပ်)၊ လူနှစ်ယောက်နေလို့ရတယ်။ KV mansionမှာ လူကြီးနှစ်ယောက်အပြင် ကလေးနှစ်ယောက်နေလို့ရပါတယ်။ KV Mansionက ဟိုတယ်ဆိုတာထက် Service apartmentဖြစ်နေတော့ နားအေးပါးအေးရှိတယ်။ ဒါပေမဲ့ ဟိုတယ်အတိုင်းပဲ။ မနက်စာမပါတာ လွဲလို့ပေါ့။

နောက်ထပ်နှစ်သက်မိတဲ့အချက်က ဘူတာဆီ ၈မိနစ်လောက်ပဲ လှမ်းလျောက်ရတာ။ မြို့လယ်မဟုတ်ပေမဲ့ ဒီကGandamar Whole Saleလို ထိုင်းပြည်တွင်းထုတ်ကုန်တွေရှိတဲ့ Tesco Lotusရှိတယ်။ ဟိုတယ်ရှေ့မှာ ကော်ဖီဆိုင်တွေ၊ ကွေ့ဒယိုဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ထိုင်းmassageဆိုင်တွေ ရှိတယ်။

Pratunum မှ Pratunamနေချင်တယ်ဆိုရင်လည်း အဲဒီဈေးနဲ့လည်းရတယ်။ ဟိုတယ်ကတော့ ပိုစုတ်မယ်။

🚗 သွားဖို့လာဖို့

တစ်ရက် တစ်သောင်း= ၄ရက် ၄သောင်းကျပ်
(ဒါက မှန်းရနည်းနည်းခက်)

Meter Taxiစီးဖို့လုံးဝ အားမပေး။ ထိုင်းလိုမပြောတတ်ရင် ဘတ်၁၀၀ခရီးကို ၃၀၀တောင်းမယ်။ အဲလို။
ဆိုတော့ လူများရင် Grabစီးပါ။ ဈေးပိုနည်းတဲ့အပြင် အိမ်စီးကားစီးရမှာ။ ယဉ်ယဉ်ကျေးကျေးလည်း ဆက်ဆံတာ။ ထိုင်းစကားမပြောတတ်လည်းမပူနဲ့ Grab Message Boxမှာ ဘိုလိုရေး။ အဲဒီထဲမှာ Auto Translateပါတယ်။ Grabကိုသာ ကောင်းကောင်းသုံးတတ်အောင်သာလုပ်။

တစ်ယောက် နှစ်ယောက်ပဲဆိုရင်တော့ ရထားသာစီးပါ။ ဟိုနားဒီနား ဘတ်၃၀ကနေ အကွာအဝေးပေါ်မူတည်ပြီး ဘတ်၄၀ ၊ ၅၀ စသဖြင့်ပေါ့။ ရထားလက်မှတ်ဝယ်နည်းကို ပုံမှာရှင်းပြထားမယ်။

သွားချင်တဲ့နေရာ ရောက်ဖို့ဘယ်ဘူတာ မှာဆင်းရမယ်ဆိုတာ သိအောင် Google Map တော့ထည့်ထားပါ။ စိုင်းထက်တကမ္ဘာလုံးပတ်နေတာ Google Mapရှိလို့ သွားချင်တဲ့နေရာအရောက်သွားနိုင်တာပါ။

ကားစီးလုံးငှားရင် ထိုင်းသူငယ်ချင်းတွေ ပြောပြတာ ကားငယ်ဆို မြို့ထဲ ဘတ် ၉၀၀နဲ့ဆီ
မြို့ပြင်ဆို နည်းနည်းထပ်ပိုပေးရ။

🍤စားဖို့
တစ်ရက် ဘတ် ၃၀၀ ၄ရက် ဘတ်၁၂၀၀=၅သောင်းကျပ်
(အရက်ဖိုးမပါ ၊ Sea Food ၊ စားသောက်ဆိုင်ကြီးတွေမှာမပါ သုံးနပ်စာ)

ထိုင်းရောက်မှတော့ စားရမှာပဲ။
မနက်စာ ကွေဒယိုက ဘတ် ၄၀
စားသောက်ဆိုင်ကြီးကြီးမှာသွားမစားနဲ့ Tesco Lotusတို့Shopping Mallတို့ရဲ့ Food Courtမှာ ထိုင်းစာတခါစား ဘတ်၅၀ကနေ ဘတ်၈၀။

အပြင်လမ်းဘေးက ဆိုင်သေးလေးဆိုရင် ဘတ်၅၀အလွန်ဆုံးပဲ။

ယိုးဒယားသင်္ဘောသီးထောင်း၊ တုန်ယမ်းဟင်းရည် ၊ ငါးပေါင်း၊ Green chicken curry၊ Pine apple fried rice စသဖြင့်နာမည်ကြီးတာတွေစားကြပေမဲ့ စိုင်းထက်အကြံပေးလိုတာက သူတို့ဆီက ပုံစားထမင်းဟင်းလည်းစား။ ပလာထူးငါးကို ငပိရည်အတို့အမြှပ်နဲ့၊ ဖက်ထဲထုပ်ထားတဲ့ငါးဖယ်၊ ဟင်းသီးဟင်းရွက်နဲ့ အုန်းနို့ထည့်ထားတဲ့ ကြက်ဥကြော်၊ ဝက်သားမျှစ်ကြော်စသဖြင့်ပေါ့။

💐ဝင်ကြေး
(၈သောင်းကျပ်)
ဝင်ကြေးတွေက ဈေးကြီးတယ်။

ဘန်ကောက်ရောက်ရင် သွားကြတဲ့နေရာလေးတွေရဲ့ ဝင်ကြေးလက်လှမ်းမှီသလောက်လေး။
မြဘုရား ဘတ်၅၀၀၊ Wat Pho ဘတ်၁၀၀၊ Wat Arun ဘတ်၅၀၊
၊ ဖယောင်းရုပ်ထုပြတိုက်၊ ရေအောက်ငါးပြခန်းက ဝင်ကြေးက ဘတ်၅၀၀အနည်းဆုံးပဲ ။စိုင်းထက် ဝယ်တုန်းက ဈေးဆစ်လို့ရတယ်။ တိုက်ရိုက်ဝယ်ယူတာထက် အေးဂျင့်ကနေဝယ်တာ ဈေးသက်သာတတ်တယ်။

👞👚👗👡ရှော့ပင်း

ပိုက်ဆံအဓိက ကုန်တာက ဒီနေရာမှာပါ။
အများစုက Platinum Mallတို့ MBKတို့မှာ Thailand Madeတွေဝယ်ကြပါတယ်။ ဈေးတန်တယ်ထင်ရပေမဲ့ တစ်ကယ်တန်းက ဈေးတွေတင်ထားတာ။ သူတို့က အလုံးဈေးထက် ၂ဆလောက် တင်ထားကြတာ။

ဈေးဆစ်တတ်ရင် Chauchak Marketမှာ ဈေးပိုဆစ်လို့ရတယ်။

Brandဝယ်ချင်ရင်တော့ အေးအေးဆေးဆေးဝယ်လို့ရတဲ့ Phrom Phangဘူတာက ရှော့ပင်းမောမှာ အေးဆေးဝယ်လို့ရတယ်။ Siam Paragonလိုကို စုံနေတာ။ သူက ခုနစိုင်းထက်နေတဲOn Nut ဘူတာ နဲ့ Siamဘူတာကြားမှာရှိတာပါ။

Brandဝယ်ရင် tax ၅%ကို လေဆိပ်မှာပြန်ယူဖို့ ဝယ်တဲ့ဆိုင်မှာ VAT Formတောင်းဖို့ မမေ့ပါနဲ့။ စိုင်းထက်တုန်းက ဘတ်၁၂၀၀၀ဖိုးဝယ်တာ တောင်းဖို့မေ့တော့ ဘတ်၆၀၀ မြန်မာငွေ နှစ်သောင်းခွဲဖို့လောက် နာသွားတယ်။

စရိတ်စာရင်းချုပ်

၎ညအိပ်ခရီး လေယာဉ်လက်မှတ်အပါ အပေါ်ကတွက်ပြတဲ့ ၄သိန်းရယ် ပိုပိုလိုလို တစ်သိန်းပေါင်းထည့်ထားရင် ၅သိန်းပေါ့။ ပိုပိုလိုလိုမှာ အိမ်ပြန်လက်ဆောင် ၊Massage ဖိုး နည်းနည်းလေးတော့ရမှာပေါ့။

စိုင်းထက်ရေးပြနေတာတွေBudgetမဟုတ်ဘူး ယူဆရင်လည်း ယူဆလိုက်ပါဗျာ။ အေးဂျင့်ဈေးက ပိုနည်းတယ်ဆိုရင်တောင် စိုင်းထက်တော့ ကိုယ်တိုင်စီစဉ်ရတဲ့ခရီးကမှ ခရီးသွားခြင်းအနှစ်သာရ ပြည့်စုံတယ်လို့ ယူဆတယ်။

စိုင်းထက်မခုရေးနေတာထက် ပိုမိုသက်သာမဲ့ နည်းလမ်းရှိရင်လည်း အကြံဉာဏ်ပေးပြီး ရေးသားလာပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။

လေးစားစွာဖြင့်
စိုင်းထက်
https://www.facebook.com/wanderingsaihtet/posts/2239787396307916

No comments:

Post a Comment

300 250