ဆရာဝန်တွေရိုင်းတဲ့အတွက်တောင်းပန်ပါတယ်
#ဆရာဝန်တွေရိုင်းတဲ့အတွက်တောင်းပန်ပါတယ်
.
.
ကျမအလုပ်က ဆီးချိုဖောက်တာ တစ်ခုတည်းမဟုတ်တော့ ၁၅မိနစ်တစ်ခါ ဆီးချိုထွက်ဖောက်တာမျိုး၊ သွေးအရင်ဖောက်ပြီးမှ injection လိုက်ရင် (ဆေးဖျော် ဆေးထိုးရင်) အလုပ်တွေ အားလုံး ကမောက်ကမတွေ ဖြစ်ကုန်ရော။ အချိန်လည်းကုန်၊ လူလည်းပင်ပန်း၊ လူနာတွေလည်း ဆေးထိုးနောက်ကျကုန်ပါတယ်။ ဘယ်သူ့ အတွက်မှ အဆင်မပြေပါဘူး။ လုပ်ရမယ့် အလုပ်တွေကို အရေးကြီးဦးစားပေးအစီစဉ်အရ တန်းစီပြီး အတတ်နိုင်ဆုံး အနီးစပ်ဆုံး အဆင်ပြေအောင် လုပ်ကြရပါတယ်။ ဒါကြောင့်လည်း လူနာတွေ၊ လူနာစောင့်တွေ စိတ်တိုင်းမကျတာမျိုးတွေ ရှိလာတဲ့အတွက် ကျမတောင်းပန်ပါတယ်။
.
.
အာရုံထဲမှာ အလုပ်တွေကို ဘာပြီးရင် ဘာလုပ်မယ် ဆိုတဲ့စိတ်ကူးလေးနဲ့ လုပ်နေတုန်း အခုချက်ချင်း လာမလုပ်ရင်ဘဲ သေတော့မလိုလို ပုံစံမျိုးတွေ၊ ဘယ်ဆရာဝန်ကြီးရဲ့ လူနာမို့ လို့ ၊ ဘယ်ဆရာဝန်ကြီးက ဘယ်လိုမှာထားတာမို့ လို့  သူတို့ လုပ်စေချင်တဲ့အချိန်မှာ အတင်းဇွတ်လိုက်လုပ်ခိုင်းတဲ့ လူနာစောင့်တွေနဲ့ ကြုံတဲ့အခါ လွှတ်ခနဲထွက်သွားမိတဲ့ဒေါသကို အချိန်မီ မထိန်းချုပ်မိလိုက်တဲ့အတွက် ကျမတောင်းပန်ပါတယ်။ ကျမတို့  Ward ထဲမှာ ရှင်တို့ အလုပ်၊ ရှင်တို့ ကောင်းကျိုးချမ်းသာကို လိုက်လုပ်ပေးနေတဲ့ အလုပ်သင်ဆရာဝန်လေးက ကျမအပါဝင်မှ ၂ ယောက်တည်း ရှိလို့ ပါ။
.
.
"ခဏလေးနော်၊ လာခဲ့မယ်" လို့ ပြောပြီး ပေါ်မလာတော့ရင် အပြစ်တွေအများကြီးမမြင်ပါနဲ့ ။ ရှင်တို့ ကို ပြောအပြီး ဒီဘက်အလှည့်မှာ ကျမကို ခိုင်းတဲ့အလုပ်တွေ သုံးလေးခုလောက်ထပ်သွားတဲ့အခါ လူထဲကလူသာဖြစ်တဲ့ ကျမဟာ ရှင့်ဆီပြန်လာဖို့  မေ့သွားတဲ့အတွက် ကျမတောင်းပန်ပါတယ်။
.
.
"ညတုန်းက ဆရာမတို့ ကို လာခေါ်တာပဲ။ ခေါ်လို့ လည်းမရဘူး" လို့ ပြောတဲ့အခါ ကျမတို့ ကိုများ အရမ်းကြီး ဒေါသထွက်နေကြသလားဟင်။ မနက် ၃နာရီ ၄နာရီမှာ နွမ်းလျနာကျင်နေတဲ့ခန္ဓာကိုယ်ကို လွန်ဆန်ပြီး ကျောက်တံခါးတွေလို လေးလံနေတဲ့ မျက်ခွံတွေကို တွန်းဖွင့်ဖို့  ပျက်ကွက်ခဲ့ဖူးတာတွေအတွက် ကျမတောင်းပန်ပါတယ်။
.
.
ရှင်တို့ တစ်ခုခုလာပြောတဲ့အခါ ခပ်မာမာ၊ ခပ်ဆတ်ဆတ်ပြန်ပြောမိတာမျိုးတွေရှိရင် သဘောဆိုးတဲ့ ဆရာဝန်၊ အပြောဆိုးတဲ့ ဆရာဝန်လို့  စကားတင်းပြောနေကြပြီလား။ ကျမလည်း ကျမမိသားစု၊ ကျမလူမှုရေး၊ ကျမရဲ့ ရင်တွင်းခံစားချက် တချို့ နဲ့ ပဋိပက္ခဖြစ်တဲ့အချိန်တွေမှာ စိတ်တွေငြီးငြူပြီး အသိတရားတွေ ခဏတဖြုတ် လွတ်ထွက်သွားမိလို့ ပါ။ ပြန်တွေးမိတိုင်း စိတ်မကောင်းဖြစ်မိပေမယ့် လွန်ခဲ့ပြီဖြစ်တဲ့ ကျမရဲ့ အပြုမူလေးတွေအတွက် ကျမ တောင်းပန်ပါတယ်။
.
.
ကြက်ပျံကျမတတ် ရှုပ်နေတဲ့အချိန်မှာ (Admission Day, Post-Admission Day) အသေးမွှားကိစ္စလေးတွေလာပြောတဲ့အခါ အော်မိငေါက်မိရင် တိုင်မယ်၊ တောမယ် စိတ်ကူးနေကြပြီလား။ စိတ်ရောလူရော ပင်ပန်းကျပ်တည်းနေချိန်မှာ စိတ်ရှည်လက်ရှည် ပြန်မရှင်းပြမိတဲ့အတွက် ကျမတောင်းပန်ပါတယ်။ တကယ်က ကျမအဲလို မတုံ့ ပြန်ချင်ခဲ့ပါဘူးကွယ်။
(Admission Day, Post-Admission Day ဆိုသည်မှာ လူနာအသစ်တွေကို လက်ခံတဲ့ရက်နဲ့  လက်ခံပြီးစ နောက်ရက်တွေဖြစ်ပြီး အင်မတန် work load များတဲ့ ရက်တွေဖြစ်ပါတယ်)
.
.
အထက်ကခိုင်းတာရယ်၊ ကျမတို့ ပုံမှန်ဂျူတီရယ်၊ ရှင်တို့ ရဲ့  complains တွေရယ်ကြား စည်းချက်ညီအောင် မလုပ်နိုင်ခဲ့တာတွေအတွက်လည်း ကျမတောင်းပန်ပါတယ်။ ကျမနေရာကို ရှင်တို့ တွေဘယ်တော့မှ ရောက်လာမှာမဟုတ်တဲ့အတွက် ကျမတို့ ကို နားမလည်ပေးတာကိုလည်း ကျမ နားလည်ပါတယ်။ ဒါပေမယ့်ကွယ် အမြဲတမ်း အားတုံ့ အားနာစွာနဲ့ ပဲ ကျမ တောင်းပန်မနေချင်ပါဘူး။
.
.
ကျမကတိပေးပါတယ်။ ကျမဆီကတောင်းပန်စကားတွေ ပြောစရာမလိုလောက်အောင်ပြည့်စုံတဲ့ အနာဂတ်တစ်ခုဆီ ရောက်အောင်သွားပါ့မယ်လို့ လေ။
ဒါပေမယ့် အဲဒီအနာဂတ်က နည်းနည်းဝေးသေးတဲ့အတွက် ကျမ ကြိုပြီးတောင်းပန်ပါတယ်ကွယ်။
.
.
ချစ်စွာသော...
စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)
#ဆရာဝန်တစ်ယောက်ရဲ့ဒိုင်ယာရီ
https://www.facebook.com/seint.s.phyu/posts/841102746082634

No comments:
Post a Comment